|
ထိုင်းနှင့် လာအိုနိုင်ငံ နယ်စပ်အနီးရှိ ခေါင်ကယ်နယ်မြေမှ ရေလုပ်ငန်းသုံး ပိုက်စက်ရုံတွင် အလုပ်သမားများက ယာယီပတ်စ်ပို့ အစစ်အမှန် ကိုင်ဆောင်ခွင့် ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။
DECHAPANICH FISHING NET FACTORY LTD PART အမည်ရှိ အဆိုပါ စက်ရုံတွင် ယခုလ (၇)ရက်နေ့၊ နေ့လည် (၁၂)နာရီက အလုပ်သမား (၆)ဦးအား အလုပ်မှ ထုတ်ပယ်ပြီး ဖြစ်ကြောင်းနှင့် အချိန် (၅)နာရီအတွင်း စက်ရုံမှ ထွက်ခွာပေးရမည်ဟု အမိန့်စာ ထုတ်ပြီးနောက် ယခုလို ဆန္ဒပြပွဲ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထုတ်ပယ်ခံရသူများမှာ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦးဖြစ်ပြီး ခေါင်းဆောင်ပါဝင်သူ ကိုသီဟက “ကျနော်တို့လက်ထဲမှာ တစ်ပြားမှ မရှိဘူး။ လမ်းစရိတ်လည်း မရှိဘူး။ အလုပ်ထုတ်မယ် ဆိုတာကို ကြိုသိရင်လည်း တစ်မျိုးပေါ့နော်။ ခုဟာက နေ့လည် (၁၂)နာရီ ထမင်းစားချိန်မှာ စာကပ်တယ်။ ညနေ (၅)နာရီမှာ စက်ရုံက အပြီး ထွက်ခွာ ပေးရမယ်ဆိုတော့ ကျနော်တို့လည်း တော်တော် အခက်ကြုံသွားတာပေါ့နော်။ ကျနော့်လည်း အဆင့်ဆင့် စုံစမ်းပြီး ဘန်ကောက်က အလုပ်သမားအရေး လုပ်နေတယ်ဆိုတဲ့ ဦးကျော်သောင်းဆိုသူကို အကူအညီတောင်းတယ်။ အဲဒီဦးလေးလည်း ချက်ချင်းဆိုသလို ကူညီဆောင်ရွက် လိုက်တာ ညနေ (၄)နာရီမှာ ကျနော်တို့ လုပ်အားခ ကျန်ငွေတွေ အားလုံးရတယ်။ ဆ၀ါဒီကန်ရုံး (အလုပ်သမား လူမှုဖုံလုံရေးဌာန)က လာပြီးတော့ အလုပ်ရုံက လူကြီးကို ကျနော်တို့အတွက် ပတ်စ်ပို့တွေကိုပေးဖို့ ပြောကြားသွားခဲ့တယ်”ဟု ပြောပြသည်။
နောက်တနေ့ နံနက် (၈)နာရီကျော်တွင် စက်ရုံမှ တာဝန်ရှိသူများက အလုပ်ထုတ်လိုက်သည့် အလုပ်သမားများအတွက် ယာယီပတ်စ်ပို့နှင့် Work Permit များကို ပေးအပ်ခဲ့သည်။ သို့သော် ယာယီပတ်စ်ပို့တွင် အပြာရောင်မှင်ဖြင့် Cancel ဟု ရေးထားပြီး Work Permit မှာလည်း လူနှင့် နာမည် မကိုက်ညီဘဲ ဖြစ်နေသည်ဟု သိရသည်။
တခြားအလုပ်သမားများကလည်း ၎င်းတို့၏ ယာယီပတ်စ်ပို့ ရရှိရေးနှင့် အစစ်အမှန် ဖြစ်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
အလုပ်သမားများ၏ အခြေအနေကို ကူညီဖြေရှင်းနိုင်ရန်အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (BAT)က လိုအပ်သော သတင်း အချက်အလက်နှင့် အထောက်အထားများကို လက်ကိုင်ဖုန်းများမှတဆင့် MMS စနစ်ဖြင့် ရယူခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၊ ချင်းမိုင်အခြေစိုက် MAP ဖောင်ဒေးရှင်း၊ ခေါင်ကယ်ဒေသ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ပေးသည့် ကျန်းမာရေး NGO အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦး အပါအ၀င် အလုပ်သမား လူမှုဖူလုံရေး ဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ခဲ့သည်။
ယနေ့ ညနေ (၆)နာရီ အချိန်အထိ အဆိုပါ စက်ရုံအတွင်းမှ ပြဿများမှာ မပြီးပြတ်နိုင်ဘဲ ရှိနေသည်။
စက်ရုံမှလည်း ဆန္ဒပြသော အလုပ်သမားများအား ထိုင်းအလုပ်သမား ဥပဒေအရ (၃)ရက်ဆက်တိုက် အလုပ်မဆင်းလျှင် အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း ကြေငြာစာများကပ်ပြီး သတိပေးထားသည်။
အဆိုပါ စက်ရုံမှ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာအလုပ်သမား (၂၀၁၀)ဦး ရှိသည်ဟု သိရသည်။

|