|
ထိုင်းနိုင်ငံ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ရဲဌာနတို့က ၀င်ရောက် ဖမ်းဆီးမှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ရွှေ့ပြောင်း အလုပ်သမားများအတွက် လိုအပ်သည့် ပစ္စည်းများကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ မဲဆောက်ဌာနခွဲက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယခုလ (၂)ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် အနီးတ၀ိုက်ရှိ စက်ရုံ၊ အလုပ်ရုံများမှ လက်မှတ်မရှိသူ အလုပ်သမားများကို စစ်ဆေး ဖမ်းဆီးမည်ဟု ဆိုခြင်းကြောင့် ထောင်နှင့်ချီသော အလုပ်သမားများသည် ပြင်ဆင်ချိန်မရဘဲ ညသန်းခေါင်အချိန်တွင် ရုန်းရင်းဆန်ခတ်ဖြင့် ထွက်ပြေးခဲ့ကြရသည်။
S R Knitting (12) သိုးမွေးစက်ရုံမှ အလုပ်သမားတဦးက “ကျမတို့ကို သူဌေးက ပုလိပ်လာဖမ်းမယ်လို့ ကြိုမပြောဘူး။ အလုပ် လုပ်ခိုင်းတယ် ည (၁၁)နာရီလောက်မှာ တချို့အလုပ်သမားတွေက ပြောလာတယ်။ ဒီနေ့ ပုလိပ်လာဖမ်းမယ်လို့၊ အဲဒီအခါကြမှ သူဌေးက အလုပ်သမားတွေကို မဲဆောက်မှာ မိဘတွေရှိလား၊ အသိမိတ်ဆွေ အိမ်တွေ ရှိလားဆိုပြီးမေးတယ်။ အဲဒါကျမှ အလုပ်သမားတွေ ရုန်းရင်းဆန်ခတ် ကြောက်သွားတယ်။ အဲဒီအချိန်မှာပဲ သူဌေးက ကားတွေခေါ်ပြီး ၀ဲကုလားဘုန်းကြီးကျောင်းကို ပို့ပေးတယ်။ တချို့က အစုလိုက် တောထဲမှာပဲ ပုန်းခိုနေကြတယ်” ဟုပြောသည်။
ပြင်ဆင်ချိန်မရပဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်းကြောင့် အခက်အခဲ ဖြစ်နေသော ရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ မဲဆောက်မြို့ ရုံးခွဲမှ ၀န်ထမ်းများက ယခုလ(၄)ရက်နေ့တွင် လိုအပ်သည့် ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
မဲဆောက်ရုံးခွဲတာဝန်ခံ ကိုဗညားက “လူ(၁၅၀)စာလောက်အတွက်ကို အဓိက လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ထမင်း၊ ရေနဲ့ ဆေးဝါးတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ အခြေအနေကို စောင့်ကြည့်ပြီးတော့လည်း ထပ်ပြီးလှူဒါန်းသွားပါမယ်” ဟုပြောသည်။

မှန်ဘောင်ရုံ (ခေါ်) CN Garment စက်ရုံမှ အလုပ်သမား တဦးက “ကျမတို့က ဒီစက်ရုံမှာ အလုပ်လုပ်တာ (၂)နှစ်လောက်ရှိပြီး၊ လက်မှတ်မရှိဘူး။ အများကတော့ လက်မှတ်ရှိကြတယ်။ ပုလိပ် ၀င်ဖမ်းမယ်ဆိုပြီး သူဌေးက အပြင်မှာ သွားနေခိုင်းတယ်။ (၅)ရက်လောက်မှ ပြန်လာခဲ့ဆိုပြီး တယောက်ကို ပိုက်ဆံ ဘတ် (၅၀၀)ပေးလိုက်တယ်”ဟု ပြောသည်။
စက်ရုံပေါင်း (၃)ရုံထက်မနည်းကို ၀င်ရောက်စစ်ဆေးခဲ့ပြီး လူပေါင်း (၃၀၀)ထက်မနည်း ဖမ်းဆီးခြင်း ခံရဖွယ်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ |