|
ထိုင်းနိုင်ငံတောင်းပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါ အကျဉ်းထောင် အတွင်းရှိ အမျိုးသမီး အဆောင်သို့ LG အမျိုးအစား (၂၉)လက်မ ရုပ်မြင်သံကြားစက် တစ်လုံးအပါအ၀င် ခြင်းလုံးများ၊ အစားအစာများနှင့် တကိုယ်ရေ အသုံးအဆောင် ပစ္စည်းများကို ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မနက်ဖြန်တွင် ကျရောက်မည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မိဘုရားကြီး မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း FED မှ လက်ထောက် ဒါရိုက်တာ မပိုပိုက ပြောပြသည်။
“မနက်ဖြန်ဆို ထိုင်းဘုရင်မကြီး မွေးနေ့လေ၊ ထိုင်းလူမျိုးတွေဟာ အကျဉ်ကျနေသူတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရကြတယ်။ ဒီလို အခွင့်အရေးမျိုး ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေမှာ မရနိုင်ဘူး။ ကျမတို့ကပဲ မိသားစု အရာကနေ ၀င်ပြီးတော့ အားပေးနေတာပေါ့နော်။ ကျမတို့ကို ဒေသဆိုင်ရာ ထောင်အာဏာပိုင်တွေက နားလည်မှုပေးပြီး တွေ့ဆုံခွင့်ရတာကြောင့် အကျဉ်သားတွေနဲ့ မိသားစုတွေကို ပြန်လည် ဆက်သွယ်ပေးနိုင်တယ်။ အကျဉ်းသားတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အချက်အလက်တွေကို ကျမတို့က ထောင်အာဏာပိုင်တွေကို တင်ပြခွင့် ရတယ်လေ။ မြန်မာ အလုပ်သမား အကျဉ်းသားတွေအတွက် အရမ်းကောင်းတာပေါ့နော်။ ကျမတို့ နိုင်ငံသားတွေကို အခုလို ပြုစုစောင့်ရှောက်ဖို့ ခွင့်ပြုတဲ့ ထိုင်းအာဏာပိုင်တွေကို အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
ယခုလို အကျဉ်းထောင်သို့ ရုပ်မြင်သံကြားစက် လှူဒါန်းခြင်းသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီ ယမန်နှစ်ကလည်း အမျိုးသား အဆောင်သို့ ရုပ်မြင်သံကြားစက်တလုံး လှူဒါန်းခဲ့သည်။
FED အနေဖြင့် ထောင်အာဏာပိုင်များ၏ ခွင့်ပြုချက်အရ တလ တကြိမ် သိုမဟုတ် နှစ်လတစ်ကြိမ် ထောင်အတွင်းသို့ ၀င်ရောက်၍ မြန်မာလူမျိုး အကျဉ်းသားများနှင့် တွေ့ဆုံကာ စကားပြောခွင့်ရပြီး အစားအသောက်များ၊ ဆေးဝါးများ၊ တကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခွင့် ရခဲ့သည်။
ပြီးခဲ့သည့် လကလည်း FED မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်နဲ့ ၀န်ထမ်းများ သွားရောက်ပြီး လိုအပ်သည့် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
အကျဉ်းသားများ အနေဖြင့် အားလပ်ချိန်များတွင် အားကစားလုပ်ခွင့်နှင့် စာရေး၊ စာဖတ်ခွင့်များ ရရှိပြီး သန့်ရှင်းသော အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကိုလည်း အပြည့်အ၀ ရရှိကြသည်ဟု သိရသည်။
ပြီးခဲ့သည့်လက မြန်မာအကျဉ်းသား လေးဆယ်ကျော်ပြီး ယခုလတွင် သုံးဆယ်ကျော်သာ ရှိသည်။ မြန်မာ အမျိုးသမီး အကျဉ်းသူ ဟူ၍လည်း တစ်ယောက်သာ ရှိသည်ဟု သိရသည်။
အကျဉ်းကျနေသူ မြန်မာနိုင်ငံသားများမှာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ သစ်ခိုးခုတ်မှု၊ လူသတ်မှုနှင့် မူးယစ်ဆေးဝါးမှုများ ဖြစ်ကြသည်။ |