|
ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ စုပေါင်းလှူဒါန်းပြီး လုပ်အားဒါန ပေးလှူခဲ့သည့် ဘုန်းတော်ကြီးကျောင်း ရေးစက်ချပွဲနှင့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒန်းပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ ဘန့်နမ့်ခင်းကျေးရွာတွင် ယနေ့ပြုလုပ်ခဲ့သည်။
မြန်မာအလုပ်သမား (၁၅၀၀)ခန့်ရှိသည့် ဘန့်နမ့်ခင်းကျေးရွာတွင် မြန်မာအလုပ်သမားများနှင့် စုပေါင်း ဖွဲ့စည်းထားသည့် လူမှုကူညီရေး အသင်းကြီးမှ ဦးဆောင်ပြီး အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ထိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားများက လက်သမား၊ ပန်းရံစသည့် လုပ်အားဒါနများကို နေ့ရော ညပါ လှူဒန်းခဲ့ပြီး အဓိက လိုအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများသာ ၀ယ်ခဲ့ရကြောင်း လူမှုကူညီရေး အသင်းကြီးမှ ကိုဖိုးဇော်က အခုလို ရှင်းပြသည်။
“ကျနော်တို့ မြန်မာအလုပ်သမား လူငယ်တွေက ကျနော်တို့ ဘာလုပ်ရမလဲ ဆိုပြီးနေ့တိုင်းလာပြီး လုပ်အားပေး တာဝန်တွေ ကိုယ်စီခွဲပြီးတော့ လုပ်အားဒါန ပြီးစီးအောင် ပြုခဲ့ကြတာဖြစ်လို့ မရှိမဖြစ် လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေလောက်ပဲ ၀ယ်ရပါတယ်။ ဒီနေ့ ကုန်ကျစရိတ်မပါပဲ မနေ့က ပေါင်းထားတဲ့ စာရင်းအရ အပြီးအစီး (၈၈၈၃၇) ဘတ် ကုန်ကျခဲ့တယ်။ ဘာပြောချင်လဲဆိုတော့ ကျောင်းဆောက်လုပ်ခွင့်ပေးတဲ့ ထိုင်းကျောင်းထိုင် ဆရာတော်ကြီးနဲ့ ထိုင်းအာဏာပိုင်အားလုံးကို အထူးကျေးဇူးတင်ပါတယ်”
ယနေ့ ရေစက်ချပွဲနှင့် ပတ်သက်ပြီးလည်း ကိုဖိုးဇော်က “ကျနော်အရမ်း ၀မ်းသာနေတယ်ဗျာ။ ဘာပြောလို့ ပြောရမှန်း မသိအောင်ပဲ။ လူပေါင်း (၅၀၀)ကျော်လောက် ရှိမယ်ထင်တယ်။ ပုလိပ်လည်း မဖမ်းဘူး။ အားလုံး ပျော်ပျော်ရွှင်ရွှင်ပဲ၊ အမှတ်တရ ဗမာအစားအစာ မုန့်ဟင်းခါး ချက်ကျွေးပါတယ်။ ထမင်းက နေ့တိုင်းအိမ်မှာ စားနေတာပဲ” ဟု ပြောပြသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းသည် ပေ(၆၀)ကျော်ခန့် ပတ်လည်ရှိပြီး သက်တော်(၃၄)နှစ်အရွယ် မြန်မာ သံဃာတော်တစ်ပါးက သာသနာပြု သတင်းသုံးမည်ဟု သိရသည်။
ဤဒေသသို့ ထပ်ရောက်လာမည့် မြန်မာအလုပ်သမားနှင့် နောင်လာနောက်သားများ မြန်မာဘုန်းတော်ကြီးကျောင်းကို ကိုးကွယ်ခွင့် ရရန်နှင့် အစဉ်အလာကောင်းများ ဖြစ်ထွန်စေရန်အပြင် ထိုင်းနှင့် မြန်မာလူထုအကြား နားလည်မှု ပိုမိုရရှိစေရန် ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ကိုဖိုးဇော်ကဆက်ပြီး ပြောပြသည်။
ဖန်ငအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ အလုပ်သမား ဖွံ့ဖြိုးရေး တာဝန်ခံ ကိုမိုးဝေက “ကျောင်းတစ်ခုလုံးမှာခင်းမယ့် ကြွေးပြားတွေကို ကျနော်တို့အဖွဲ့က လှူပါတယ်။ ပြီးတော့ ဒေသတွင်းက လူတွေကိုလည်း လှူဒါန်းဖို့ ၀ိုင်းဝန်း စည်းရုံးပေးခဲ့တယ်” ဟု ပြောပြသည်။
ဆက်လက်ပြီး ကိုမိုးဝေက “ကျနော်တို့ ထိုင်းတောင်ပိုင်း၊ ဖန်ငခရိုင်၊ နန်းထ၀ီ ရော်ဘာကုမ္ပဏီ ခြံဝင်းအတွင်းမှာ မြန်မာတွေ စုပေါင်းပြီးတော့ မနှစ်က ဘုန်းတော်ကြီးကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တယ်။ တခြား နေရာတွေမှာလည်း မြန်မာဘုန်းတော်ကြီးကျောင်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် ကျနော်တို့ တတ်နိုင်သလောက် ကူညီပေးမယ်။ ပြီးတော့ နေရာတိုင်းမှာ ဒီလိုသာရေးနာရေး အသင်းလေးတွေ တည်ထောင်နိုင်အောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
ရေစက်ချ အလှူမင်္ဂလာပွဲသို့ ကျောင်းထိုင်မည့် မြန်မာသင်္ဃာတော် တစ်ပါးနှင့် ကျောင်းရှိ ထိုင်းသင်္ဃာတော် ဆယ်ပါးတို့က ပရိတ်တရားတော်များကို ချီးမြှင့်တော်မူခဲ့ကြသည်ဟု သိရသည်။ |