|
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့ အကျဉ်းထောင်ရှိ အကျဉ်းကျခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်နှင့် အဖွဲ့က ယမန်နေ့ နေ့လည်(၁)နာရီက သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဖောင်ဒေးရှင်း၌ စေတနာ့ဝန်ထမ်း လာရောက်လုပ်ကိုင်နေသည့် နိုင်ငံတကာမှ စေတနာ့ ဝန်ထမ်းများလည်း လိုက်ပါသွားခဲ့သည်။
“ကျမအနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အကျဉ်းသားတွေကို ထောင်ထဲမှာသွားရောက် တွေ့ဆုံခွင့်ရလို့ အရမ်းအံ့ဩပြီး ဝမ်းသာတယ်။ ထောင်အာဏာပိုင်တွေအနေနဲ့ ကျမတို့ကို လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာ ကြိုဆိုခဲ့တယ်။ အကျဉ်းသားတွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပုံရတယ်။ ကျမတို့ကိုလည်း သူတို့အိပ်တဲ့၊ စားတဲ့ နေရာတွေကို လိုက်ပြပေးတယ်။ ဖောင်ဒေးရှင်းနဲ့ ထောင်အာဏာပိုင်တို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ မြန်မာရွှေ့ပြောင်း အလုပ်သမား အကျဉ်းသားတွေအတွက် အင်မတန်အရေးကြီးတယ်လို့ ကျမအနေနဲ့ထင်တယ်” ဟု အကျဉ်းသားများအား သွားရောက်တွေ့ဆုံခဲ့သည့် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှ မဟာဝိဇ္ဇာကျောင်းသူ မစ္စမီဂါမီအီရှီမိုတိုမှ ပြောသည်။
“အရင်တုန်းကဆို ကျနော်တို့အနေနဲ့ အနည်းဆုံး (၂)လတစ်ခါလောက်တော့ သွားတွေ့ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် တကွာပါမြို့နယ်အတွင်းမှာ ၀က်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပြီးကတည်းက ကျနော်တို့အနေနဲ့ ထောင်ထဲကို ဝင်ခွင့်မရခဲ့ဘူး။ အခုမှ ကျနော်တို့ ပြန်ဝင်ခွင့်ရတာ၊ ကျနော်တို့က သာမန် ထောင်ဝင်စာတွေ့တဲ့ ပုံစံမျိုးမဟုတ်ဘူး။ ထောင်ထဲအထိဝင်ပြီး သူတို့နေထိုင်စားသောက်ပုံကို အသေးစိတ် လေ့လာခွင့်ရသလို အကျဉ်းသားတွေနဲ့လည်း ရင်ရင်းနှီးနှီး စကားပြောခွင့်ရပြီး၊ သူတို့ရဲ့လိုအပ်ချက် အခက်အခဲတွေကို ဆွေးနွေးခွင့် ရခဲ့တယ်” ဟု ဦးထူးချစ်က ပြောသည်။
ဖောင်ဒေးရှင်းမှ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက စုပေါင်း၍ ငပိကြော်၊ ဘာလချောင်ကြော်များ ပေးအပ်ခဲ့ပြီး၊ အဖွဲ့အစည်းနေဖြင့်လည်း ဆေးဝါးများ၊ စာအုပ်၊ စာစောင်များနှင့် ဆပ်ပြာများ ပေးအပ်ခဲ့သည်။
“ကျနော်တို့ အနေနဲ့ ထောင်ထဲကို ဝင်တွေ့တဲ့ ရည်ရွယ်ချက်က အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း ပေးရုံ သက်သက် မဟုတ်ပါဘူး။ သူတို့ ထောင်ထဲမှာ ဘယ်လိုနေထိုင် စားသောက်ရတယ် ဆိုတာရယ်၊ သူတို့အနေနဲ့ အမှန်တကယ် အပြစ်ရှိလို့ ထောင်ကျတာဟုတ်ရဲ့လား ဆိုတာကိုလည်း လေ့လာချင်လို့ပါ။ ပြီးခဲ့တဲ့နှစ်က လူသတ်မှု တကယ်မကျူးလွန်ဘဲ လူသတ်မှုနဲ့ မတရား ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား(၂)ယောက်ကို ထိုင်းရှေ့နေ ငှားရမ်းပေးခဲ့ပြီး အမှုကလွတ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်”ဟု ဦးထူးချစ်က ဆက်ပြောပြသည်။
ထောင်အခြေအနေနှင့် ပတ်သက်ပြီး အကျဉ်းသားတစ်ဦးက “ကျနော် ဒီထောင်ထဲမှာ နေရတယ်ဆိုပေမယ့် အစားအသောက်၊ အနေအထိုင်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုကအစ အကုန်လုံး အဆင်ပြေတယ်။ အားလုံးကောင်းတယ်။ ကျနော် မြန်မာပြည်မှာ ထောင်တစ်နှစ် ကျဘူးတယ်။ ငရဲကျသလိုပဲ၊ ဒီထိုင်းနိုင်ငံက ထောင်တွေက မြန်မာပြည်ထောင်တွေထက် အဆပေါင်းများစွာ သာတယ်”ဟု ပြောပြခဲ့သည်။
တကွာပါ အကျဉ်းထောင်ထဲတွင် သစ်ခိုးခုတ်မှု၊ တရားမဝင်ခိုးဝင်မှု၊ လူသတ်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ကြောင့် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား အမျိုးသား(၂၆)ဦးနှင့် အမျိုးသမီး (၁)ဦးရှိသည်။
ဖောင်ဒေးရှင်းအနေဖြင့် ပြီးခဲ့သည့်နှစ်များအတွင်းက အမျိုးသားအဆောင်အတွက် ရုပ်မြင်သံကြားစက်နှစ်လုံးနှင့် အကျဉ်းသားများ နားနေရန် ထိုင်ခုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။

|