|
Who's Online
We have 8 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
ရွှေ့ပြောင်းအလုပ်သမားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းကို ဆိုင်ကယ်တက္ကစီသမားများ ကန့်ကွက်ဆန္ဒပြ |
|
|
|
|
Thursday, 22 July 2010 00:00 |
|
ရွှေ့ပြောင်းအလုပ်သမားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းကို ရပ်တန့်ရန် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ဒေသခံ ဆိုင်ကယ်တက္ကစီ မောင်းသူများက ယမန်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းကြောင့် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်းလုပ်ငန်းကို အားပေးရာရောက်သည်ဟု ဆန္ဒပြသူများက စွပ်စွဲပြောဆိုခဲ့ကြသည်။
ရနောင်းမြို့မှ မြန်မာအလုပ်သမား ကိုအေးက “မနေ့ ညနေ (၃)နာရီလောက်မှာပါ။ ရနောင်းမြို့တော်ဝန် အိမ်ရှေ့မှာ ဆိုင်ကယ်တက္ကစီသမားတွေက စုပေါင်းပြီးတော့ ဆန္ဒပြကြတာပါ။ မြန်မာအလုပ်သမားတွေ ယာဉ်မောင်းလိုင်စင်တွေ လုပ်လိုက်တော့ သုံးဘီးဘေးတွဲ ဆိုင်ကယ်တွေ၊ ကိုယ်ပိုင်ဆိုင်ကယ်တွေ စီလာကြတယ်။ ဒါကြောင့် ထိုင်းဆိုင်ကယ်သမားတွေ အဆင်မပြေ ဖြစ်လာကြတယ်ပေါ့။ မြို့တော်ဝန်အိမ်မှာ မရှိတဲ့အတွက် အတိအကျဘာမှ မသိရဘူး”ဟု ပြောပြသည်။
ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ယာယီပတ်စ်ပို့ လုပ်ပြီးလျှင် ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန် ထိုင်းအစိုးရက ခွင့်ပြုခဲ့သည်။ ထိုင်းလုပ်ငန်းရှင်များ အနေဖြင့် ယာဉ်မောင်းလိုင်စင် ရှိသည့် ရွှေ့ပြောင်း အလုပ်သမားတစ်ယောက်ကို လုပ်အားခ တစ်လလျှင် ဘတ်ငွေ (၆၀၀၀)၀န်းကျင်ခန့်ဖြင့် ခိုင်းစေ၍ ရသော်လည်း ထိုင်း ယာဉ်မောင်းတစ်ဦးလျှင် အနည်းဆုံးဘတ်ငွေ တသောင်းကျော် ပေးရမည်ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “တရားဝင် အခွန်ဆောင်ပြီး နေထိုင်တဲ့ ဘယ်နိုင်ငံသားကိုမဆို နိုင်ငံတိုင်းမှာ ယာဉ်မောင်းလိုင်စင် ထုတ်ပေးတာပဲလေ။ ပြီးတော့ တရားဥပဒေအတွင်းက လူတိုင်းရသင့်ရထိုက်တဲ့ အခွင့်အရေးသာ ဖြစ်တယ်။ ဒေသခံတွေကို အနိုင်အထက်ပြုတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိတ်ပင်တာလို့တော့ ကျနော်မမြင်ပါဘူး။ ထိုင်းလူမျိုးတွေ အလုပ်အကိုင် အခွင့်အလမ်းကိစ္စက ထိုင်းအစိုးရ ဖြေရှင်းရမယ့် ကိစ္စပဲဖြစ်တယ်။ သူတို့စွတ်စွဲသလို လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှုဆိုတဲ့ ကိစ္စတွေက ထိုင်းလူမျိုးတွေမပါဘဲ ဘယ်လိုမှ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ လုံးဝအခြေအမြစ်မရှိတဲ့ စကားပဲဖြစ်တယ်”ဟု ပြောသည်။
ယာယီပတ်စ်ပို့ ရှိသော အလုပ်သမားများ ယာဉ်မောင်းလိုင်စင် လျှောက်ထားနိုင်သည် ဆိုခြင်းကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပျံ့ပွားရန်အတွက် FED မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်၊ တကွန်ပါရှိ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရေးဌာနနှင့် မော်တော်ယာဉ်ထိမ်း ရဲတပ်ဖွဲ့တို့ကို ဖိတ်ခေါ်ကာ ယခုလ (၉)ရက်နေ့က ဆန်ဆောင်းလူထုခန်းမတွင် ဟောပြောပွဲပြုလုပ်ပေးခဲ့သည်။ ထိုဟောပြောပွဲသို့ ရွှေ့ပြောင်းအလုပ်သမားများနှင့် လူထုခေါင်းဆောင်များ တက်ရောက်ခဲ့ကြဟု သိရသည်။ |
|