|
သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်းရန်နှင့် သစ်တောဧရိယာများ တိုးပွားလာစေရန်အတွက် သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ ကော့ခေါ့ခေါင်ကျွန်းတွင် ယနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ဒီရေရောက် ကမ်းရိုးတမ်းများ ထိန်းသိမ်းထားပြီး ရေနေသတ္တ၀ါများ ခိုအောင်းနိုင်ရန်အတွက် လမုပင်များ အပါအ၀င် တခြားဒီရေတော သစ်ပင် (၃၀၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် ထိုင်းနိုင်ငံ၊ သဘာဝ ပတ်ကျင် ထိန်းသိမ်းရေးအဖွဲ့၊ ဖန်ငဒေသ ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၊ ထိုင်းလူမျိုး ဒေသခံ လူကြီးများ၊ ထိုင်းကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၈၀)ခန့် ပါဝင်ခဲ့ကြသည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ကိုသောမတ်စ်က “သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးအောင်၊ ပြီးတော့ ဒေသခံလူထုတွေ ပိုင်ဆိုင်တဲ့ သစ်တောဧရိယာတွေ များလာအောင်၊ ပြီးတော့ ငါး၊ ပုဇွန်တွေ ခိုအောင်း လာနိုင်တဲ့အတွက် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှု တိုးတက်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
ယခုလို သစ်ပင်များစိုက်ပျိုးခြင်းသည် ရေရှည်တွင် အကျိုးထူးများ ခံစားရမည်ဖြစ်ပြီး ရေတိုက်စားသည့် အန္တရာယ်များကိုပါ ကာကွယ်ပေးမည်ဖြစ်သည်။ ကုန်မြေနှင့် ဒီရေရောက် သစ်တောများ၏ ခြားနားမှု သိသာထင်ရှားစေပြီး ထိုင်းလူမျိုးများ အနေဖြင့် ယခုကဲ့သို့ လုပ်ငန်းစဉ်များနှင့် ရင်းနှီးကျွမ်းဝင်နေပြီး ဖြစ်သည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလို စိုက်ပျိုးမှုတွေကို စတင်ပြီး လုပ်သင့်ပါပြီ၊ ပျက်စီးမှ လုပ်ကိုင်တာထက် ရှိတာကို မပျက်အောင်၊ ရှိတာထက် ပိုရှိလာအောင် လုပ်သင့်တယ်လို့ ယူဆပါတယ်”ဟု ကိုသောမတ်စ်က ဆက်ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသတွင် NGO များနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ဒေသခံ ထိုင်းရွာလူထုများ၊ အာဏာပိုင်းများနှင့် ပူပေါင်းကာ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးခြင်း၊ ရပ်ကွက်၊ ကျေးရွာသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

|