|
ထိုင်းနိုင်ငံ တောင်းပိုင်း၊ ဖန်ငဒေသရှိ ရွှေပြောင်းမြန်မာ ကလေးများအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ထားသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် စတင်ပြုလုပ်ခဲ့သည်။
၂၀၀၉ခုနှစ် ပညာသင်နှစ်က ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် ၂၀၁၀- ၁၁ ခုနှစ် ပညာသင်နှစ်အတွက် လိုအပ်သည့် သင်ရိုးညွှန်းတမ်းများကို အပြန်အလှန် ဆွေးနွေးကြမည် ဖြစ်ပြီး သုံးရက်ကြာမည်ဟု သိရသည်။
FED၏ ပညာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆရာဦးသိန်းနိုင်က “FEDအဖွဲ့ ပညာရေးဌာနက ပညာရေး ၀န်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ ၂၀၀၉ ပညာသင်က ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို ခေါင်းစဉ် (၁၂)ခု ခွဲပြီးတော့ (၃)ရက်တိုင်တိုင် အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အလုပ်ရုံ ဆွေးနွေးချက်တွေအရ နောက်ဆုံးနေ့မှာတော့ လူငယ်သိပ္ပံ သင်ရိုးညွှန်းတမ်းနဲ့ အနာဂတ် ရည်မှန်းချက် ဆိုတာတွေကို ချမှတ်သွားမှာ ဖြစ်ပါတယ်”ဟုပြောသည်။
FED၏ ပညာရေးကျောင်းများတွင် အခြေအနေအရ မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်း၊ ထိုင်းသင်ရိုးညွှန်းတမ်းများအား လက်တွေ့ သင်ကြားနေသည့် ဆရာ၊ ဆရာမများက ကလေးငယ်များ၏ အခြေအနေအပေါ် မူတည်၍ လက်တွေ့ အကျဆုံးနှင့် အဆင်အပြေနိုင်ဆုံး သင်ရိုးညွှန်းတမ်းများကို အတည်ပြု သတ်မှတ်သွားမည်ဖြစ်ကြောင်း ဆရာဦးသိန်းနိုင်က ပြောပြသည်။
“လူတိုင်း ဘွဲ့ရ ပညာတတ်ဖြစ်မှ မဟုတ်ပါဘူး။ ယှဉ်ပြိုင်မှုနဲ့ ရွေးချယ်မှု အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ စာသင်ခွင့် ရရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အဆင့်၊ ဆုံးဖြတ်ချက် ချနိုင်တဲ့အဆင့်၊ အမှားအမှန် ခွဲခြားနိုင်တဲ့အဆင့် စသဖြင့်ပေါ့လေ။ ကျနော်တို့ကျောင်း ပညာရေးက တစ်စုံတစ်ရာ အဆင့်အတန်းတော့ မှီပါတယ်။ ပညာရေးစနစ်ကို ကျနော်တို့ တိုင်းတာတဲ့အခါ ဘွဲ့ရမှ မဟုတ်ပါဘူး”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အတော်များများသည် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရာဘာခြံလုပ်ငန်း၊ ပန်းရံလုပ်ငန်းနှင့် အခြားအိမ်လုပ်ငန်းများတွင် လုပ်ကိုင်ကြပြီး ၎င်းတို့၏ သားသမီးများ ပညာရေးအတွက် ဂရုစိုက် တိုက်တွန်းမှု အလွန် နည်းပါးကြသည်။
FED ကျောင်းများတွင် ပညာသင်ကြားပြီးနောက် အင်္ဂလိပ်စကားနှင့် ထိုင်းဘာသာစကားများ အသင့်အတင့် တတ်မြောက်ပြီး အရွယ်ရောက်လာပါက ၎င်းတို့၏ သားသမီးများကို ဆက်လက်ပညာသင်ကြားပေးခြင်း မရှိဘဲ ၀င်ငွေကောင်းသည့် အလုပ်နေရာများတွင် လုပ်ကိုင်ရန် တိုက်တွန်းကြသည်။
အရည်အချင်းရှိပြီး ပညာဆက်လက်သင်ကြားလိုသည့် ကလေးများလည်း ရှိကြသည်။ သို့သော်လည်း စားဝတ်နေရေးအတွက် ရုန်ကန် နေရသည့် မိဘများကို ကူညီလုပ်ကိုင်ရင်း အလုပ်သမားဘ၀တွင် ကျင်လည်နေရသည်ဟု ကျောင်းသားမိဘ တစ်ဦးက ပြောပြသည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် ၂၀၁၀- ၁၁ ပညာသင်နှစ်အတွက် စာသင်ကျောင်း (၈)ကျောင်းနှင့် နေ့ကလေးထိန်းကျောင်း (၂)ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော်ကို ဆရာ၊ ဆရာမ (၄၀)ခန့်ဖြင့် ပညာသင်ကြားပေးလျှက်ရှိသည်။ |