|
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အမျိုးသမီးများ၏ ၀င်ငွေရ လက်မှုလုပ်ငန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက်၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) လက်အောက်ရှိ အမျိုးသမီးများ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (WEDA)ရုံးတွင် ယမန်နေ့ ညနေက ပြုလုပ်ခဲ့သည်။
ရွှေ့ပြောင်းမြန်မာ အမျိုးသမီးများအနေဖြင့် အိမ်နှင့် မကင်းကွာပဲ ၀င်ငွေရစေရန်အတွက် ရည်ရွယ်ပြီး အမျိုးသမီးများ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (WEDA)မှ ဦးဆောင်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
FEDမှ လက်ထောက်ဒါရိုက်တာ(ပရိုဂရမ်) မပိုပိုက “ဒီဒေသက ပင်လယ်ကမ်းခြေဒေသဆိုတော့ နိုင်ငံခြား ခရီးသွား လုပ်ငန်းတွေ ရှိတယ်။ ဒီလိုမျိုး လက်မှုလုပ်ငန်း သင်တန်းတွေ လုပ်ပေးတဲ့အတွက် အမျိုးသမီးတွေ အနေနဲ့ သူတို့ လုပ်ထားတဲ့ လက်မှုပစ္စည်းတွေကို ရောင်းချနိုင်မယ်။ အိမ်တွင်း ၀င်ငွေတိုးစေမယ်၊ ပြီးတော့ သူတို့ရဲ့ အိမ်တွေမှာဘဲ အလုပ်လုပ်ရမှာဖြစ်လို့ သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် လုံခြုံစိတ်ချမှုကို ရစေမှာ ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ လက်မှုလုပ်ငန်း သင်တန်းတွင် ပင်လယ်ထွက် သဘာဝ ခရုခွံများ၊ ကမာခွံများ၊ ရောင်စုံ ဖယောင်းကြိုးများနှင့် ပုတီးလုံးများဖြင့် အလှဝတ် ဆွဲကြိုး၊ လက်ကောက်များ ပြုလုပ်ခြင်းကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
သင်တန်းများကို ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖေါ်ဝါရီတွင် တကြိမ်၊ ဧပြီနှင့် မေလတွင် တကြိမ် စုစုပေါင်း နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး သင်တန်းဆရာမ Ms. Zurine က သင်တန်းသူ (၁၀)ဦးအား အချိန်ပိုင်းအားဖြင့် သင်ကြားပေးခဲ့သည်။
Ms.Zurine က “သင်ပေးလိုက်တဲ့ အရာတွေဟာ သူတို့အတွက် အသုံးဝင်မယ်၊ ပြီးတော့ သူတို့အတွက် အကျိုးအမြတ်တွေရပြီး မိသားစုနဲ့ ကလေးတွေအတွက် ၀င်ငွေတစုံတရာ ရမယ်၊ ပြီးရင် သူတို့တတ်ထားတဲ့ ပညာတွေကို တခြားသူတွေကိုလည် လက်ဆင့်ကမ်းပေးမယ်လို ကျမမျှော်လင်ပါတယ်” ဟုပြောသည်။
သင်တန်းကာလအတွင်း အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများကိုလည်း သင်တန်းသူများနှင့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အမျိုးသမီးများ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသင်း (WEDA)ကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ ခိခတ်ကျေးရွာတွင် ၂၀၀၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ခြင်း ဆိုင်ရာသင်တန်း၊ အမျိုးသမီး အခွင့်အရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းများအပြင် ၀င်ငွေရရှိစေရန် စက်ချုပ် သင်တန်းများနှင့် လက်မှုပစ္စည်း ပြုလုပ်ခြင်း သင်တန်းများကို နှစ်စဉ် ပြုလုပ်ပေးလျက် ရှိသည်။
အခြားဒေသရှိ အမျိုးသမီးများအတွက်လည်း ယခုလို လက်မှုလုပ်ငန်း သင်တန်းများကို ပြုလုပ်ပေးသွားမည်ဟု သိရသည်။
WEDA အနေဖြင့် ရွှေ့ပြောင်းမြန်မာ အမျိုးသမီးများအား အကူအညီ ပေးနိုင်ရေးအတွက် ၀င်ငွေရရှိစေရန် စက်ချုပ်လုပ်ငန်းနှင့် အ၀တ်လျှော်ခြင်း လုပ်ငန်းများကိုလည်း လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။ |