နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 4 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံသို့ သွားမည့် အယောင်ဆောင် သံဃာများအား မြန်မာအာဏာပိုင်များက ဖမ်းဆီး PDF Print E-mail
Monday, 24 May 2010 14:09

ထိုင်းနိုင်ငံသို့ သွားမည်ဟု ယူဆရသော အယောင်ဆောင် သံဃာတုအပါး (၂၀)ကျော်အား မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် ဒေသခံအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ သံဃာများမှာ ကော့သောင်မြို့သို့ လေယာဉ်ပျံ၊ သင်္ဘောနှင့် အမြန်ရေယဉ်များဖြင့် လိုက်ပါလာသူများဖြစ်သည်။ ရခိုင်လူငယ် အများစုပါဝင်သော တစ်ပတ်အတွင်း ရောက်ရှိလာသည့် သံဃာတု (၂၀)ကျော်ကို ကော့သောင်း ရဲစခန်းတွင် ဖမ်းဆီး ထိမ်းသိမ်းထားသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့ အခြေစိုက် လူသယ်ယူ ပို့ဆောင်ပေးနေသူတစ်ဦးက “ဟုတ်ပါတယ်။ ဒီအထဲမှာ ကျနော့်လူ (၉)ယောက် ပါဝင်ပါတယ်။ ကျနော်တို့လည်း (၁၁)မျဉ်းစောင်းဆို လာလို့မရ ဖြစ်နေတယ်။ ရခိုင်မှာ စစ်စခန်းတွေချ၊ စစ်သားတွေက အနိုင်ကျင့်၊ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေ၊ ၀ါးခုတ်ရင်လည်း သူတို့ကိုပေး၊ ထင်းခုတ်ရင်လည်း သူတို့ကိုပေး၊ ဂဏန်းမျှားရင်လည်း သူတို့ကိုပေး၊ ရခိုင်မှာ နေလို့ကို မရနိုင်တော့ဘူး၊ ရှိသမျှ ရခိုင်အမျိုးသားတွေ ထွက်လာနေကြတာဆိုတော့ ရန်ကုန်ရောက်တော့ ခေါင်းတုံး၊ ဘုန်းကြီးဝတ်၊ ဒီလမ်းတစ်ခုပဲ သုံးစရာရှိတော့ ကျနော်တို့ သုံးလိုက်ရတာပဲ” ဟုပြောသည်။

(၁၁)မျဉ်းစောင်းမှာ ရခိုင်ပြည်နယ် မှတ်ပုံတင် ဖြစ်သည်ဟု သိရသည်။

အမည်မဖော်လိုသည့် ကော့သောင်းဒေသခံ မြန်မာရဟန်းတော် တစ်ပါးက “ပြည်တွင်းမှာ ဆင်းရဲကျပ်တည်းလို့ ပြည်ပကို ထွက်ပြီး အလုပ်လုပ်ကြတာကို ဘုန်းကြီးတို့ လက်ခံပါတယ်။ ဒါပေမယ့် ပွဲစားတွေ အပါအ၀င် အခြားလူတွေက သာသနာတော်ကို ခုတုံးလုပ်တာ အပြစ်ကြီးပါတယ်။ အစိုးရပိုင်း အနေနဲ့ဆိုရင်လည်း သာသနာ့ မှတ်ပုံတင် အတုလုပ်တာ အပြစ်ကြီးမယ်ထင်တယ်။ အမှန်အကန် ရဟန်းပုဂ္ဂိုလ်တွေကိုတော့ အာမခံသွားပေးပြီး ထုတ်ထားကြတာတွေ ရှိပါတယ်။ ဖမ်းထားတဲ့ လူတွေကို ထောင်ချမလား၊ နေရပ်ရင်းကိုပဲ ပြန်လွှတ်မလား မသိဘူး” ဟု မိန့်တော်မူသည်။

ကော့သောင်းမြို့တွင် ထိုသို့ ဖမ်းဆီးမှုများရှိ နေရုံမက မြိတ်မြို့နှင့် ထားဝယ်မြို့များတွင်လည်း အလားတူ ဖမ်းဆီးမှုများ ရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်ဟု သိရသည်။

သင်္ကန်းဝတ်ပြီး နယ်စပ်မြို့သို့ ရောက်ရှိလာသူများမှာ သင်္ကန်းချွတ်ပြီး ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် မည့်သူများ ဖြစ်နိုင်သောကြောင့် အာဏာပိုင်များက ယခုလို ဖမ်းဆီးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။

မြန်မာ-ထိုင်း နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့များမှ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့သို့ သွားရာ လမ်းကြောင်းတွင် ကော့သောင်းမြို့မှသွားသည့် လမ်းကြောင်းသည် ပွဲစားခ သက်သာသဖြင့် အများဆုံး အသုံးပြုကြသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ တယောက်လျှင် ကျပ်ဆယ်သိန်းမှ သိန်းနှစ်ဆယ်ခန့် ပေါက်ဈေးရှိသည်။ ထိုင်းနိုင်ငံ မဲဆောက်မှ ဘန်ကောက်သို့ ဘတ်တစ်သောင်းခွဲ၊ တာချီလိတ်မှ ဘန်ကောက်သို့ ဘတ်တစ်သောင်းနှင့် ရနောင်းမှ ဘန်ကောက်သို့ ဘတ်ခြောက်ထောင်ငါးရာခန့် ပေါက်ဈေးရှိကြောင်း လူပွဲစားများ၏ ပြောပြချက်အရ သိရသည်။