|
သမီးငယ်ရဲ့ ပညာရေးကို လိုလားသဖြင့် ကျောင်းအပ်ရန် ညီမဖြစ်သူထံ လာရောက်ပို့ဆောင်ပြီးနောက် အပြန်လမ်းတွင် စီးလာသည့် အငှားဆိုင်ကယ်အား ကားဝင်တိုက်သဖြင့် မိဘနှစ်ဦးစလုံး ခြေတောက်ကျိုးခဲ့ကြောင်း သတင်းရရှိသည်။
ဖုံဖရာ ခြံနုန် ရာဘာလုပ်ငန်းတွင် နေထိုင် အလုပ်လုပ်ကိုင်သည့် ဦးတင်လှ(၄၅)နှစ်နှင့် ဒေါ်ပန်းရှိန် အသက် (၄၀)တို့သည် အသက်(၆)နှစ်အရွယ် အထွေးဆုံးသမီး မစိုးသူဇာထွေးကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းမှ ဖွင့်လှစ်ထားသော (ပါကလန်) မူလတန်းကျောင်းတွင် ပညာသင်ကြားနိုင်ရန် ပါကလန်အနီး ခတ်ခတ်တွင် နေထိုင်သော ဦးတင်လှ၏ ညီမဖြစ်သူ မညိုထံတွင် ပြီးခဲ့သည့် (၁၅)ရက်နေ့က လာရောက် အပ်နှံခဲ့သည်။
အပြန်လမ်းတွင် စီးလာသည့် အငှားဆိုင်ကယ်အား ဟိုင်းလတ်အမိုးဖွင့် ကားက ၀င်တိုက်သဖြင့် မိဘနှစ်ဦးနှင့် ဆိုင်ကယ်မောင်းသူတို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံနေခဲ့ရသည်။
မညိုက “ ဦးတင်လှက ကျမအစ်ကို အရင်းပါ။ သားသမီး (၃)ယောက် ရှိပါတယ်။ တစ်ဦးတည်း သမီးငယ်ကလေးကို စာတတ်စေချင်လို့ ကျမဆီကို လာထားတာ။ နေ့လည်ပိုင်း အပြန်မှာ ဖြစ်တာပါ။ ကားသမားကတော့ ဆေးကုလို့ ကုန်ကျတဲ့ ငွေတွေကို အကုန်ပေးမယ်လို့ ဆေးရုံမှာ လာပြောပါတယ်။ ဒီနေ့တော့ စကားပြောနိုင်ကြပါပြီ။ အကိုတင်စိုးမှာ ညာခြေထောက် ကျိုးပါတယ်။ အမ ဒေါ်ပန်းရှိန်မှာ ဘယ်ခြေထောက် ကျိုးပါတယ်။ ထိုင်းဆိုင်ကယ်သမားမှာ ညာခြေထောက် ကျိုးပါတယ်။ အသက်အန္တရာယ်တော့ မရှိတော့ပါဘူး” ဟုပြောသည်။
အပြန်လမ်းရှိ စမ်းအေး လမ်းသုံးခွဆုံ အရောက်တွင် ကားတိုက်မိခြင်းဖြစ်ပြီး ဒေါ်ပန်းရှိန်ကို ဖန်ငဆေးရုံတွင် တင်ထားရသည်။ ဒဏ်ရာပြင်းထန်သည့် ဆိုင်ကယ်မောင်းသူ ထိုင်းလူမျိုးနှင့် ဦးတင်လှတို့ နှစ်ဦးကို တကွန်ပါ ဆေးရုံတွင် တင်ထားရသည်။
ယောက်ဖဖြစ်သူ ဦးတင်လှအား သွားရောက်ကြည့်ရှုခဲ့သူ မညို၏ခင်ပွန်း ကိုအချိုင်က လူနာများမှာ အခြေအနေမှာ ကောင်းမွန်ကြောင်း၊ အဖြစ်အပျက်များအား စတင်ပြောပြနိုင်ပြီးဖြစ်ကြောင်း၊ ကားက နောက်မှ ၀င်တိုက်ခြင်း ဖြစ်ကြောင်း ပြောပြသည်။
ဒေါ်ပန်းရှိန်အခြေအနေအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းအဆက်အသွယ်မရသဖြင့် အခြေအနေကို မသိရှိရသော်လည်း ခြေထောက်ကျိုးခြင်းအပြင် တခြားထိခိုက်မှု နည်းပါးနိုင်ကြောင်း မညိုက ဖြည့်စွက်ပြောပြသည်။ |