|
နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (Grassroots HRE)၏ (၈)ရှစ်ပြည့် အခမ်းအနားကို ဒီဇင်ဘာ (၁၀)ရက်၊ နှစ်(၆၀)ပြည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့၌ အဖွဲ့အစည်း အခြေစိုက်ရာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ ခေါင်းလတ်ဒေသရှိ Andaburi ဟိုတယ်တွင် ညနေ(၆း၀၀)နာရီ၌ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဒါရိုက်တာ ဦးထူးချစ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခင်က အဖွဲ့အစည်းကို ၀န်ထမ်းသုံးယောက်ဖြင့် တည်ထောင်ခဲ့ရာမှ အခုဆိုရင် ၀န်ထမ်းအင်အား ရှစ်ဆယ်ကျော်ဖြင့် လုပ်ငန်းစီမံကိန်းများစွာကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများဖွံ့ဖြိုးရေးအတွက် အကူအညီများ ပေးနိုင်ပြီဖြစ်သည်။ အဖွဲ့အစည်း အောင်မြင်ခြင်းဟာ ၀န်ထမ်းများအားလုံးနှင့် သက်ဆိုင်သောကြောင့် ၀န်ထမ်းများအနေဖြင့် တစ်ဦးချင်း အရည်အချင်းတိုးတက်မှုသည် အရေးကြီးကြောင်းနှင့် ၀န်ထမ်းများအားလုံး အနစ်နာခံ ပူးပေါင်းပါဝင်ပြီး ကိုယ့်လူမျိုးတိုးတက်ရေးအတွက် အုတ်တချပ် သဲတပွင့်အနေဖြင့် ပါဝင်နိုင်ရန် ကြိုးစားလုပ်ဆောင်ကြပါဟု ပြောကြားခဲ့သည်။
ပြီးနောက် အဖွဲ့အစည်းစတင်တည်ထောင်သည့်အချိန်မှစပြီး ယခုအချိန်အထိ လုပ်ငန်းအခြေအနေများကို လက်ထောက်ဒါရိုက်တာ(စီမံ/ဘဏ္ဍာ)မှ ဦးရွှေမျိုးသန့်နှင့် လက်ထောက်ဒါရိုက်တာ (Social Development)မှ မပိုပိုတို့က PowerPointဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ အခမ်းအနားကို အစီအစဉ်များအတိုင်း ဆက်လက်ပြုလုပ်ခဲ့ရာ ၀န်ထမ်း(၁၀)ဦးမှ အုပ်စုနှစ်ခုခွဲပြီး “လူ့အခွင့်အရေးသည် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးထက်အရေးကြီးသည်” ခေါင်းစဉ်ဖြင့် စကားရည်လုပြိုင်ပွဲ၊ ကျောင်းသား ကျောင်းသူ (၈)ဦးမှ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။ အဲဒီနောက် ဆုပေးပွဲနှင့် ၀န်ထမ်းများအား အမှတ်တရလက်ဆောင်ပေးပွဲများ ပြုလုပ်ခဲ့ရာ အဖွဲ့အစည်းမွေးနေ့ အထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဒါရိုက်တာ ဦးထူးချစ်မှ ဆုချီးမြှင့်ပေးပြီး ၀န်ထမ်းများအားလုံးကိုလည်း အမှတ်တရ လက်ဆောင်များ ပေးခဲ့သည်။ (Grassroots HRE)အဖွဲ့အစည်းကို ထိုင်းမြန်မာနယ်စပ် စံခလဘူရီ ဒေသတွင် ၂၀၀၀ခုနှစ်က စတင်တည်ထောင်ခဲ့ကာ လူ့အခွင့်အရေး ကိစများကို ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ခုနှစ် ဆူနာမီ ပြီးနောက် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားဖွံ့ဖြိုးရေး၊ အခွင့်အရေးများနှင့် ကလေးများပညာရေးများ အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိသည်။ |