|
Who's Online
We have 22 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကိုရီးယားတွင် ကျင်းပ |
|
|
|
|
Monday, 08 February 2010 12:12 |
|
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုရီးယား နိုင်ငံ ပူချွန်း နိုင်ငံခြားသားအလုပ်သမားများရိပ်သာ၌ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား) က ဦးစီး၍ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပခဲ့သည်။ပြည်ထောင်စု အလံတော်အား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့က လက်ဆင့်ကမ်း သယ်ဆောင် လာပြီးနောက် ညီညွှတ် သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)၏ အလှည့်ကျ ဥက္ကဌ စိုင်းမောင်မောင်ဝိုင်းက စင်မြင့်ပေါ်သို့ သယ်ဆောင်၍ ငွေဖလား၌ စိုက်ထူပါသည်။ ၄င်းနောက် တက်ရောက်လာကြသော တိုင်းရင်းသား ညီအကို မောင်နှမများနှင့်အတူ ပြည်ထောင်စု အလံတော်အား အလေးပြုကြပြီး ကျဆုံးသွားသော အာဇာနည် သူရဲကောင်း အပေါင်းတို့အား အလေးပြုကြပါသည်။
အခမ်းအနားမှူးအဖြစ် ဦးကျော်မိုးလွင်က ဆောင်ရွက်၍ အဖွင့်အမှာစကားကို စိုင်းမောင်မောင်ဝိုင်းက ပြောကြား ပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေနှင့် မြန်မာအရေး လှုပ်ရှားမှု မြှင့်တင်ရေးကော်မတီ (ကိုရီးယား) ဦးစီးအဖွဲ့ဝင် ဦးဘိုဘိုတို့က ဂုဏ်ပြုစကားများ ပြော ကြား၍ မြန်မာအသင်း (ကိုရီးယား) ဥက္ကဌ ဦးခင်မောင်ရင်၊ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (ကိုရီးယား) ဘဏ္ဍာရေး မှူး ဦးဝင်းနိုင်ဦး၊ ၊ မြန်မာ့ ကလေးသူငယ်များ၏ ပညာရေး ကူညီထောင်ပံ့ရေး ပရိုဂရမ် အကြံပေး ဦးဝင်းမြင့်ဦး၊ ဆောင်နာမ် မြန်မာ လူမှုရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း၊ အန်ဆန်း ရှီးဟွာ မြန်မာလူငယ်အသင်း ဦးအောင်နိုင်ဝင်းတို့က သ၀ဏ်လွှာများ ဖတ်ကြားကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက တွဲဘက် အတွင်းရေးမှူး (၂) ကိုဇော်မိုးအောင် က“ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို ဆက်လက်တည်တံ့ခိုင်မြဲစေရန်နှင့် စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးဟာ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်နေကြတဲ့ တိုင်းရင်းသားများ စုပေါင်း လုပ်ဆောင်မှရနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ကျင်းပရခြင်းဖြစ်ပါသည်။ ပြည်ပကို ရောက်နေတဲ့ တိုင်းရင်းသားတွေက ပြည်ထောင်စုနေ့ကို မမေ့ဘူးဆိုတာကို ဖော်ပြချင်တာလဲပါပါတယ်။ ဖြစ်နိုင်ရင်တော့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရပေါ်ပေါက်ပြီး မြန်မာပြည်တွင်းမှာ တန်းတူ ညီမျှတဲ့ ပြည်ထောင်စုနေ့ကြီးကို ပျော်ပျော်ကြီး ပါဝင်ဆင်နွဲ ကျင်းပချင်ပါတယ်”ဟု ပြောကြားသွားသည်။ အခမ်းအနားတွင်ရခိုင်ရိုးရာ ဆီမီးအက၊ ကရင် ဒုံးယိမ်းအက၊ သျှမ်းရိုးရာ တေးသီချင်းနှင့် အက၊ မွန်ရိုးရာ တေးဂီတ၊ ချင်းရိုးရာ တေးသီချင်း၊ ကချင်ရိုးရာ တေးသီချင်း၊ ရိမ်းဘိုးအဖွဲ့တို့က အဆိုအတီး အကများဖြင့် တင်ဆက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုစိတ်ဓါတ် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊ တို့အရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။
|
|
Last Updated on Monday, 08 February 2010 12:15 |
|