|
ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကြီးမှူး၍ ရွှေ့ပြောင်းအလုပ်သမားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေး ရေးညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရုံးခန်း၌ (၂၂၊၀၁၊၂၀၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ထိုင်းအမျိုးသားလူ့အခွင့်ရေးကော် မရှင်မှ တာဝန်ရှိသူများ၊ ထိုင်းအစိုးရ၏ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေကြ သည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်ရေး လှုပ်ရှားသူများတက်ရောက် ဆွေးနွေးခဲ့ကြသည်။
“ ဒီအစည်းအဝေးဟာ အောင်မြင်တယ်လို့ပြောလို့ရတယ်။ အနာဂါတ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ဆိုင်ကယ် မောင်းလိုင်စင်ထုတ်ပေးရင် ဖြစ်ပေါ်လာနိုင်တဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို ထိုင်းအစိုးရ ၀န်ထမ်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းက ၀န်ထမ်းတွေနဲ့ လု့အခွင့်အရေး လှုပ်ရှားသူတွေကြားမှာ ပွင့်ပွင့်လင်းလင်း အမြင်ဖလှယ်ခွင့်ရခဲ့တယ်။ ထိုင်းနိုင်ငံကုန်းလမ်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ အခုအချိန်မှာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုနဲ့ ပတ်သက်ပြီး တိတိကျကျလေ့လာနေတယ်။ ဒီနှစ်အောက်တိုဘာလအတွင်းမှာ အကြောင်ပြန်ကြားမယ်လို့ ကတိ ပေးထားတယ်။ ထိုင်းအစိုးရတာဝန်ရှိသူတွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လိုင်စင်ထုတ်ပေးခြင်းဟာ ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကို ထိခိုက်မယ်(သို့မဟုတ်) ထိုင်းပြည်သူလူထု တွေရဲ့လုံခြုံ ရေးကို ထိခိုက်လိမ့်မယ် လို့မတွေးစေချင်ဘူး၊ သူတို့ကိုလိုင်စင်ထုတ်ပေးလိုက်ခြင်းအားဖြင့် ယာဉ်တိုက်မှုတွေ လျော့နည်းသွားမယ်၊ ဆိုင်ကယ် အသုံးပြုမှုအန္တရာယ်တွေကို ထိန်းချုပ်နိုင်မယ်၊ ပြီးတော့ တရားဝင်မှတ်ပုံတင်တဲ့ အလုပ်သမားတွေများလာမယ်၊ အလုပ်ကိုပင်ပန်းကြီးစွာ လုပ်ကိုင်နေကြရတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းလူ့အဖွဲ့အစည်းမှာဝင်ရောက်ခွင့် ရလာမယ်ဆိုတဲ့ အကောင်းဖက်ကလည်း ကြည့်စေချင်တယ်” ဟု အစည်းဝေးသို့ တက်ရောက်လာသည့် လူ့အခွင့် အရေးနှင့်ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ရွှေ့ပြောင်းအလုပ်သမားများ တရားမျှတမှု အစီအစဉ်ဒါရိုက်တာ Mr. Andy Hall ပြောသည်။ အဆိုပါအစည်းအဝေးသို့ ပညာရေးနှင့်ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် တက်ရောက်ခဲ့သည်။ “ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက်လဲ ဆိုင်ကယ်မောင်းလိုင်စင်ရှိဖို့လိုအပ်ပါတယ်။ အဓိကအားဖြင့် ရော်ဘာနဲ့ အခြားစိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဆိုရင် ဈေးတွေ၊ လမ်းမကြီးတွေနဲ့ ဝေးတဲ့နေရာတွေမှာအလုပ်လုပ်ရတာဖြစ်တယ်။ သူ့တို့နေ့စဉ်စားသုံးဖို့အတွက် ဆိုင်ကယ်အသုံးပြုပြီး သွားရမှာဖြစ်ပါတယ်၊ သူ့တို့သား၊သမီးတွေအတွက်ကျောင်းကြိုပို့ ကိစ္စတွေ မှာနဲ့ အရေးပေါ်ကျန်းမာရေး ကိစ္စတွေမှာ မဖြစ်မနေဆိုင်ကယ်အသုံးပြုဖို့လိုအပ်ပါတယ်။ အခုဆိုရင် မြန်မာ အလုပ်သမားတွေအနေနဲ့ ယာဉ်တိုက်မှုတွေ နေတိုင်းလိုလို ဖြစ်နေတာတွေ့ရတယ်။ သူတို့ကိုလိုင်စင်ထုတ်ပေးရုံတင် မဟုတ်ဘဲလမ်းစည်းကမ်းအပြင် မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုပါ ပညာပေးဖို့လိုအပ်လိမ့်မယ်” ဟု အစည်းဝေး၌ပြောကြားခဲ့သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဆိုင်ကယ်မောင်းလိုင်စင်ထုတ်ပေးခြင်းဟာ ထိုင်းလူမျိုးတွေအတွက်ပါ သွယ်ဝိုက်သောနည်းနဲ့ အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်တိုက်မှုတွေ လျော့နည်းသွား မှာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ မလိုလားအပ်တဲ့ဆိုးကြိုးတွေကိုထိမ်းချုပ်နိုင်မှာဖြစ်ပါတယ်ဟု ဦးထူးချစ်မှ ဆက်လက်ပြောကြားခဲ့သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယာဉ်မောင်းလိုင်စင်တရားဝင် ကိုင်ဆောင်ခွင့်မရှိသော်လည်း နည်းလမ်း ပေါင်းစုံအသုံးပြု၍ ထိုင်းနိုင်ငံတွင်း၌ ဆိုင်ကယ်မောင်းနှင်လျက်ရှိပါသည်။ ထိုင်းနိုင်ငံကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဌာနမှ ထုတ်ပြန်ထားသည့် ယာဉ်စည်းကမ်း၊ ဥပဒေများ ကောင်မွန်စွာ မသိရှိမှုနှင့် ကျွမ်းကျင်စွာ မောင်းနှင်မှုမပြုနိုင် သောကြောင့် ယာဉ်တိုက်မှုများစွာ ဖြစ်ပွားလျက်ရှိသည်။ |