နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 21 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ရောင်းစားခံ လှေသမားနှစ်ဦးထွက်ပြေး၊ ပွဲစားပြန်မိ၍ သေလောက်အောင် ရိုက်နှက်ခံရ PDF Print E-mail
Monday, 23 November 2009 08:33

ထိုင်းနိုင်ငံတောင်ပိုင်း၊ လှေဆိပ်တစ်ခုတွင် ရောင်းစားခံထားရာမှ ယမန်နေ့ နံနက်ပိုင်းက  လှေလုပ်သားနှစ်ဦး ထွက်ပြေးစဉ် ပွဲစားများ ပြန်ဖမ်းမိသဖြင့် သေလောက်အောင် ထိုးနှက်နှိပ်စက်မှုကို ခံရကြောင်း မျက်မြင်တွေ့ရသူ အသက်(၁၉)နှစ်အရွယ် လှေအလုပ်သမား ကိုလေးက ပြောပြသည်။

“ဒီနေ့ မနက်စောစောကပါ။ ကျိုက်ထိုက ကိုဇင်သော် အသက်(၂၀)၀န်းကျင်နဲ့ နောက်တစ်ယောက်ပါ။ သူတို့ ထွက်ပြေးတာကို မွန်ပွဲစားတွေ မိသွားတယ်။ ရိုက်လိုက်တာဗျာ၊ မကြည့်ရက် စရာပဲ၊ သေလား ရှင်လားတော့ မသိဘူး။ ၀ိုင်းရိုက်ကြတာ။ တစ်ကိုယ်လုံး သွေးတွေနီရဲနေတာပဲ။ အကြွေးကျေပေမယ့်လည်း သွားမရဘူး။ ပုလိပ်ကို ဖမ်းခိုင်းပြီး ပြန်ရောင်းစားတယ်။ မသေမချင်း ခံရမယ့်သဘောပဲ”

ယင်းဖြစ်စဉ်နှင့် ထိုလှေဆိပ်၏ အနေအထားများကို ကိုလေးက ဖုန်းဖြင့် ပြောပြနေစဉ် “ဟုတ်ကဲ့ ဦးလေးနဲ့  မတွေ့ရသေးဘူး။ အဆင်ပြေပါတယ်။ နေကောင်းပါတယ်။ ဟုတ်ကဲ့၊ ကျနော်ရှာကြည့်လိုက်ပါမယ်။ ဟုတ်ကဲ့” ဟူသော စကားများကို ပြောဆိုနေပြီးနောက် “ကျနော် အခုစကားပြောနေတာကို ပွဲစားတွေမြင်သွားပြီ။ အဲဒါကြောင့် ကျနော်အိမ်နဲ့ စကားပြောနေသလိုမျိုး ပြောနေတာပါ။ ကျနော်ဖုန်းချလိုက်တော့မယ်” ဟူ၍ စိုးရိမ်သောလေသံဖြင့် ပြောဆို နှုတ်ဆက်ပြီး လက်ကိုင်ဖုန်းကို ချသွားခဲ့သည်။

အဆိုပါ လှေဆိပ်တွင် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ ရောင်းစားခံထားနေရသည်။ မြ၀တီ၊ ၀ါးတော ရပ်ကွက်တွင်နေသည့် ဒီကေဘီအေမှ ဗိုလ်အဆင့်ရှိသူတစ်ဦးက ဒိုင်ခံပြီး မြန်မာပြည်အနှံ့မှ ရောက်ရှိလာ သော မြန်မာနိုင်ငံသားများကို လူကုန်ကူးသူများနှင့် ဆက်သွယ်ရောင်းစားလေ့ရှိသည်။

မကြာသေးမီက ထွက်ပြေးလွတ်မြောက်လာသော ပဲခူးမြို့မှ ကိုသန့်ဇင်က “ကျနော်တို့ ၂၀၀၈ ဧပြီလ (၁၈)ရက်နေ့က မြ၀တီ၊ ၀ါးတောမှာနေတဲ့ ဒီကေဘီအေက ဗိုလ်ကြီးအဆင့်ရှိသူက ကယ်ရီခဘတ် (၁၂၀၀၀)ဆိုပြီး ဈေးဖြတ်ပြီး ခေါ်လာခဲ့တာ။ မိန်းကလေး (၆)ယောက်အပါအ၀င် အားလုံးကျနော်တို့ လူနှစ်ဆယ်ကျော်တယ်။ လမ်းမှာ ငှက်ပျောသီးစားပြီး လာရတယ်။ ကောင်မလေးတွေကိုတော့ ဘန်ကောက်မှာ ရောင်းစားခဲ့တယ်။ ယောက်ျားတွေကိုတော့ ဒီလှေဆိပ်ကို ခေါ်လာပြီး ဘတ်(၂၂၀၀၀)နဲ့ လာရောင်းစားခဲ့တယ်”ဟု ပြောသည်။

လှေပေါ်တွင် ရောင်းစားခံထားရသော မြန်မာအလုပ်သမားများသည် နံနက်(၆)နာရီခန့်မှ စတင်ပြီး ပင်လယ်ပြင်သို့ ငါးဖမ်းလှေများဖြင့် ထွက်သွားရပြီး တစ်နေကုန် ငါးပိုက် လေကြိမ် ချကြရသည်။ မ၀ရေစာကိုသာ စားရပြီး မွန်လူမျိုး ငါးဆရာနှင့် ပိုက်ဆရာများကို နင်းနှိပ်ပေးရသည်။ ရောက်ခါစတွင် လှေမူး၍ အလုပ်မလုပ်နိုင်သော မြန်မာ အလုပ်သမားများအား ငါးများရေခဲစိမ်ရာတွင် အသုံးပြုသည့် ရေခဲခြင်းများ သုံးလေးခြင်းကုန်အောင် ခေါင်းပေါ်မှ ဆားငန်ရေများဖြင့် လောင်းချစေသည်။ တစ်နေ့တာ လုပ်ငန်းပြီးဆုံးပြီး ကမ်းသို့ပြန်ကပ်သည့်အခါ ၀ယ်ယူထားသည့် ထိုင်းလှေပိုင်ရှင်များက ရောင်းစား ခံထားရသည့် မြန်မာလှေလုပ်သားများကို သုံးဘီးဆိုင်ကယ်ယာဉ်များဖြင့် လာရောက်ခေါ်ဆောင်ပြီး အခန်းတွင်းလှောင်ပိတ်ထားကြသည်။

ထိုင်းလုပ်ငန်းရှင်များအား ရောင်းချထားသည့် ဘတ် (၂၂၀၀၀)ကျေပြီး ပြန်သွားလိုကြသော်လည်း သွားခွင့်မပြုပဲ ဒေသခံ ထိုင်းရဲများကို ပြန်လည်ဖမ်းဆီးစေလျှက် လှေများပေါ်သို့ ပြန်လည်ရောင်းချကြောင်း လွတ်မြောက်လာသူ ကိုသန့်ဇင်က ပြောသည်။

အဆိုပါ လှေဆိပ်မှ ပြန်လည်လွတ်မြောက်လာသူအချို့ ရှိသော်လည်း အများစုမှာ ထွက်ပြေးလွတ် မြောက်နိုင်ခြင်း မရှိပေ။ အကြောင်းမှာ လူကုန်ကူးသည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ ပတ်သက် ဆက်နွယ်မှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း လွတ်မြောက်လာသူများက ပြောသည်။ ငါးဖမ်းလှေပေါ်မှ ပစ်ချခံရသော မြန်မာ အလုပ်သမားများ၏ ရုပ်အလောင်းများကို ပင်လယ်ပြင်တွင် မကြာမကြာ တွေ့ရလေ့ရှိကြောင်း  သိရသည်။