နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ပုဇွန်ကန်မှ ဒဏ်ရာနဲ့ စာ PDF Print E-mail
Tuesday, 31 January 2012 00:00

20120131aထိုင်းနိုင်ငံဟာ၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ပုဇွန်မွေးမြူပြီး၊ နိုင်ငံရပ်ခြား တိုင်းပြည်တွေကို တင်ပို့နေတဲ့ အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ငါး၊ ပုဇွန် လုပ်ငန်းဟာ ထိုင်းနိုင်ငံအတွက် အရေးပါတဲ့ ရေထွက်ပစ္စည်း လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ပုဇွန်မွေးမြူရေး လုပ်ငန်းတွေဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ပေါချောင်ကောင်း စုစောင်းရရှိတဲ့ နေရာပါ။ လုပ်အားခ၊ ဈေးပေါပြီး အလုပ်သမား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ အနာဂတ်တွေဆိုတာ၊ ပုဇွန်ကဲ့တဲ့ ပိုက်ထဲက ရေလိုပဲ ဘယ်လောက်ကဲ့ကဲ့၊ ဘယ်လိုဆယ်ဆယ်၊ အဖတ်တင်တယ်ကို မရှိတဲ့ ခြင်းကြားနဲ့  ရေသယ်သလို ဘ၀မျိုးဆိုရင် မမှားပါဘူး။

ဒါကြောင့်လည်း ထိုင်းအလုပ်သမားတွေ အနေနဲ့ ပုဇွန်မွေးမြူရေး လုပ်ငန်းတွေမှာ မလုပ်ကိုင်၊ မလုပ်လို ကြပါဘူး။ အိပ်မက်တွေ ထမ်းပိုးပြီး နယ်နိမိတ် သတ်မှတ်ထားတဲ့ စည်းရိုးတွေကို ကုန်းလမ်း၊ ရေလမ်းတွေ၊ တနည်းအားဖြင့် တိုးလမ်း၊ ခိုးလမ်းတွေကနေ ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတွေဖြစ်တဲ့ စားကျက်ရေပြင်၊ ပင်လယ်စားအိုး၊ မွေးမြူရေး ကန်တွေကို ခုန်ဆင်း ရောက်ရှိလာကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ (၃၀)ရာခိုင်နှုန်းကျော်ဟာ အသက် (၁၇)နှစ်အောက် လူငယ်တွေပါ။ စစ်တွေ၊ မြောက်ဦးက လာသူ၊ ဘိတ်၊ ထားဝယ် တနင်္သာရီနယ်က တောင်ကျော်လာသူ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က ဖြတ်လမ်းနည်းတွေနဲ့ တိုးဝှေ့ ၀င်ရောက်လာသူတွေဟာ တသွင်သွင် စီးဆင်းနေတဲ့ တောင်ကျ ရေလိုပါပဲ။

ရောက်လာသူတွေထဲက အများစုဖြစ်တဲ့ (၁၄-၁၅)နှစ် လူငယ်တွေဟာ လှေပေါ်လည်း မလိုက်ရဲ၊ ငါးရွေး ငါးကောက်လည်း မလုပ်ချင်၊ ရာဘာခြံကလည်း ခေါ်မခိုင်းရင်တော့ လုပ်ခနည်းပေမယ့် ကျောတခင်း ထမင်းနပ်မှန်တဲ့ ငါး၊ ပုဇွန် မွေးမြူရေး ကန်တွေထဲမှာ ကူးခတ်ရင်း ရေမြှုပ်လို ပေါလောမျောကြ ရတာပါပဲ။

ပုဇွန်ကန် တစ်ကန်ဟာ (၅၀-၁၀၀)ပတ်လည် ကျယ်ပြီး မိသားစုဝင် (၃)ဦး လုပ်ကြသလို၊ အလုပ်သမား (၂)ဦးနဲ့လည်း လုပ်ကိုင် ကြပါတယ်။ ကန်အရေအတွက်ပေါ် မူတည်ပြီး အလုပ်သမား ခန့်ထားတာပါ။ များသောအားဖြင့် လွယ်လွယ်ခိုင်းလို့ရတဲ့ လူငယ်လေးတွေကို အလုပ်ရှင်က ပိုလိုချင်ကြပါတယ်။ ကန်အကြီးအသေးကိုလိုက်ပြီး၊ ရေလှုပ်ရှားမှုရအောင်၊ ရေဂယက်လေးတွေ ထနေအောင် မွေးမြူရေး ကန်တွေထဲမှာ ဒလက်ပန်ကာတွေ တပ်ဆင် ထားရပါတယ်။ ပုဇွန်မွေးမြူတဲ့ အလုပ်သမားတွေ အနေနဲ့ တစ်နေ့ကို လေးကြိမ် ပုဇွန်စာ ကျွေးရပါတယ်။ ပုဇွန်ကန်ထဲမှာ ရှိနေတဲ့ အမှိုက်၊ သရိုက်နဲ့ ရေမြှုပ်တွေကို နေ့စဉ် လိုက်လံ ရှင်းလင်း ရပါတယ်။ အဲဒီလို ပုဇွန်ကန်တွေမှာ အလုပ် လုပ်ကိုင် နေကြတဲ့ အလုပ်သမား လူငယ်တယောက်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းနဲ့ ဘ၀တဆစ်ချိုး ကတော့ ဆိုးရွား ကြမ်းတမ်း လှတယ်လို့ ဆိုရမှာပါ။

တနေသ၌ လို့ပဲ နိဒါန်းချီ လိုက်မယ် ဆိုရင်တော့ ထိုင်းနိုင်ငံတောင်ပိုင်းက ပုဇွန်မွေးမြူရေးခြံမှာ အလုပ်လုပ်နေတဲ့ ရခိုင် အမျိုးသားလူငယ် မောင်စံမောင်ရဲ့ သစ်လွင်စ ဘဝစာမျက်နှာနဲ့ အနာဂတ် အရုဏ်ဦး အလှဟာ မယုံကြည်နိုင်အောက် လောကဓံ လှိုင်းတံပိုးက ရိုက်ခတ် မွှေနှောက်သွားခဲ့ပါ တော့တယ်။ ဘယ်လို အဖြစ်ဆိုးဖြစ်ဖြစ် ရင်ကျိုးကြတာ ချည်းပါပဲ။ မောင်စံမောင် အဖြစ်က ရင်နင် ကြေကွဲစရာ ကောင်းလှပါတယ်။ သူ့ဘ၀အတွက် ၀မ်းကျောင်းနေရတဲ့ ပုဇွန်ကန်ထဲမှာပဲ သူ ခြေနှစ်ချောင်းကို စတေးလိုက်ရတဲ့ အဖြစ်ပါ။

20120131b

“အဲဒီမနက်က ပုဇွန်းကန်ထဲမှာ ရေမြှုပ်တွေများနေလို့ ကျနော့်ရဲ့ အလုပ်သမား ခေါင်းဆောင်က ဆယ်ထုတ်ပစ်ဖို့ ခိုင်းပါတယ်။ ကျနော်ရေမြှုပ်တွေ ဆယ်ထုတ်နေတုန်း ကျနော့်ရဲ့ ဘောင်းဘီစနဲ့ ပုဇွန်ကန်ထဲမှာ လည်ပတ်နေတဲ့ ပန်ကာ ဒလက်နဲ့ညှိပြီး၊ ကျနော့်ရဲ့ ဘယ်ခြေထောက်တစ်ဖက် ဒူးအောက်က တစ်ခါတည်း ပြတ်ထွက်သွားပါတယ်။ ကျန်တဲ့ ညာခြေတစ်ဖက်လည်း ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာတွေနဲ့ ကျနော့်ကို ဆေးရုံ ပို့ပေးကြပါတယ်။ ဒါပေမဲ့ (၇)ရက်လောက် ကြာတဲ့အချိန်မှာတော့ ညာခြေထောက်ကိုလည်း ဖြတ်လိုက်ရပါတယ်” မောင်စံမောင်ရဲ့ တိုးညှင်းတိမ်ဝင်နေတဲ့ စကားသံလေးနဲ့ ပြောပြနေတဲ့ သူ့အမူအယာဟာ သူ့ဝေဒနာဆိုးကို ဘယ်လောက် ထိခိုက် ခံစားနေရတယ်ဆိုတာ မြင်ရ ကြာရတာနဲ့ပဲ နက်ရှိုင်းထိရှ စေပါတယ်။

ရခိုင်လူငယ်လေး မောင်စံမောင်ဟာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြလေး ကျေးရွာက မိဘမဲ့ လူငယ်လေး တစ်ဦးပါ။ ခိုကိုးရာ၊ ခိုလှုံရာ ကင်းမဲ့သလို ရပ်ရွာဇာတိမှာလည်း  အလုပ်အကိုင် ရှားပါးတာကြောင့် ထိုင်းနိုင်ငံကို အခက်အခဲ အမျိုမျိုးကြားက ရရာအလုပ် ရှာလုပ်ဖို့ စွန့်စား ထွက်ခွာလာခဲ့ကြတဲ့ လူငယ်တွေထဲက တဦးတယောက်လို့ ဆိုရမှာပါ။ မောင်စံမောင်ဟာ ထိုင်းနိုင်ငံ အတွင်းကို လွန်ခဲ့တဲ့ (၃)နှစ်ကမှ ရောက်ရှိလာခဲ့ပြီး၊ ပုဇွန်မွေးမြူရေး လုပ်ငန်း မလုပ်ခင်က အများနည်းတူ၊ ပန်းရံ (ဆောက်လုပ်ရေး)နဲ့ သစ်စက်တွေမှာ ထမင်းစားကျွန်ခံ လုပ်ကိုင် ခဲ့ရပါသေးတယ်။

“ကျနော်မှာ မိဘတွေလည်း မရှိတော့ပါဘူး။ ကျနော့်အကို တစ်ယောက်ကလည်း သူ့မိသားစုနဲ့ ဆင်းဆင်းရဲရဲ ရပ်တည် နေရတာဆိုတော့ ကျနော့်တူ၊ တူမလေးတွေရဲ့ ပညာရေးကို ထောက်ပံ့ပေးချင်တာနဲ့ ထိုင်းနိုင်ငံကို ထွက်လာခဲ့တာပါ။ ရခိုင် ရိုးမဆီကို မျှော်ရည်နေတာလား၊ အတိတ်ကို ပြန်တူးဆွ နေလေသလား ခန့်မှန်းရ ခက်လှတဲ့ သူမျက်ဝန်းမှာတော့ တွဲခိုနေတဲ့ မျက်ရည်နှစ်ပေါက်က အနက်အဓိပ္ပါယ် တခုခုကို တွေးတွေးမြေ့မြေ့ ဖော်ပြနေသယောင်ပါ။

ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ ပုဇွန် မွေးမြူရေး ကန်တွေမှာ အလားတူ လုပ်ငန်းခွင် ထိခိုက်မှုတွေ မကြာခဏ ဆိုသလို ကြုံတွေ့ ကြရပါတယ်။ လူ့ဘဝအတွက် အင်မတန်မှ တန်ဖိုးကြီးလှတဲ့ မွေးရာပါ ခြေနှစ်ဖက် ဖြတ်လိုက်ရပေမဲ့ ရခိုင် အမျိုးသားလေး မောင်စံမောင်ရဲ့ ရပ်တည် ရှင်သန်ရေးအတွက် လုပ်ငန်းရှင်က ထောက်ပံ့ ပေးလိုက်တဲ့ ဘတ်ငွေ (၃၀၀၀)ကို တုန်ရီ လှုပ်ခါနေတဲ့ လက်အစုံနဲ့ လက်ခံခဲ့ပေမယ့် လုပ်ငန်းရှင်ဆီက လျော်ကြေးငွေ တပြားတချပ်မှ မရခဲ့ ရှာပါဘူး။

ထိုင်းနိုင်ငံမှာ အလုပ်သမားတိုင်း လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရင် လျော်ကြေးငွေ ရရှိရမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ပေါ်လစီနဲ့ ဥပဒေတွေဟာာ မောင်စံမောင်လို အလုပ်သမားတွေ အတွက်တော့ အကျုံးမ၀င်သလို အသုံးမ၀င်တဲ့ စာရွက်ဖြူပေါ်က ပုံနှိပ် စာလုံးတွေပါပဲ။ မောင်စံမောင် အနေနဲ့ကလည်း ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေကို နကန်းတလုံးမှ မသိရှိပါဘူး။ ကိုယ့်နံမည်တောင် ပေါင်းတတ်၊ ရေးတတ်အောင် မနည်း ကြိုးစားခဲ့ရသူလေး မဟုတ်လား။ အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ဆိုတာကိုလည်း နိစ္စဓူဝ ပုဇွန်ကန်ထဲမှာ ကျင်လည်လုပ်ကိုင် နေရသူဆိုတော့ ကြားဖူးဟန်တောင် မရှိပါဘူး။ အဆက်အစပ် မရှိတာတွေကြောင့်လည်း ဥပဒေအရ လျော်ကြေး တောင်းခံနိုင်ခွင့် ရှိတယ်ဆိုတာ အံ့သြတွေဝေစရာ အကြောင်းကိစ္စကြီး တခုပါ။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့က လျော်ကြေးငွေ တောင်းခံချင်တယ်ဆိုရင်၊ အခင်း ဖြစ်ပွားစဉ်ကနေ (၃)လအတွင်း တောင်းဆိုရမှာ မဟုတ်လား။ သူဖြစ်ခဲ့တဲ့ အကြောင်းအရာ ဖြစ်စဉ်လေးကို စာရေးပို့လာခဲ့ပေမယ့် ကျနော်တို့ဆီ ရောက်လာတဲ့ အချိန်မှာ သူ့ခြေ နှစ်ချောင်းလုံး ဆုံးရှုံးပြီး တစ်နှစ်ကျော် ကာလမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ ဖြစ်ပါတယ်။ ခြေနှစ်ချောင်း ဖြတ်ခံထားရတဲ့ ကြားကပဲ၊ သူ့အနေနဲ့ အခွင့်အရေး ရမယ်ဆိုရင်၊ ပညာအရည်အချင်း နိမ့်ကျပေမယ့် ကွန်ပြူတာ၊ အင်္ဂလိပ်စာနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုခု သင်ယူပါရစေဆိုတဲ့ သူ့ဆန္ဒလေးက နည်းပညာ ခေတ်ကြီးကို စိန်ခေါ်လိုက်သလိုပါပဲ။

“ကျနော် မြန်မာပြည်ကို မပြန်ချင်သေးဘူး။ ကျနော့်ရဲ့ ညီအကို မောင်နှမတွေကလည်း ဆင်းရဲ နွမ်းပါး ကြပါတယ်။ ကျနော့်အတွက် သူတို့ကို ဒုက္ခတွေ၊ သောကတွေ မပေးချင်ပါဘူး။ အခု လောလောဆယ် ကျနော်တစ်ယောက်တည်း ပြန်ဖို့ ဆိုတာလည်း ဘယ်လို စိတ်ကူးကူး မဖြစ်နိုင် သေးဘူးလေ၊။ ကျနော် ထိုင်းနိုင်ငံမှာပဲ ဖြစ်သလိုနေပြီး၊ ကျနော်ဘဝ ရှေ့ရေးအတွက် ပညာတစ်ခုခု သင်မယ်။ ကျနော် မြန်မာပြည်မှာ နေတုန်းက ရေခဲသေတ္တာတို့၊ လေအေးစက်တို့ ပြင်ခဲ့ဖူးပါတယ်” သူ့ရဲ့အနာဂတ်အတွက် အားမလျှော့ပဲ၊ တက်တက်ကြွကြွ ပြောပြနေပုံက အံ့သြပီတီ ဖြစ်စရာပါ။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုကြီးဟာ ဒေသခံ ထိုင်းလူမျိုးတွေ မလုပ်ကြတဲ့ ညစ်ပေ နိမ့်ကျတဲ့အလုပ်၊ ခက်ခဲပင်ပန်းပြီး၊ အန္တရာယ်များတဲ့ အလုပ်၊ ရောဂါကူးစက်နိုင်တဲ့ အလုပ်၊ တိရိစ္ဆာန် တကောင်လို ခိုင်းစေခံရတဲ့ အလုပ်တွေကိုသာ လုပ်ကိုင် နေကြရဆဲပါ။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းခွင်မှာ နေ့စဉ်ဆိုသလို အနည်းနဲ့အများ ထိခိုက်ဒဏ်ရာ ရနေကြ၊ ဖျားနာ နေကြပေမယ့် နောက်နေ့ စားဖို့အတွက် ဆေးမြီးတို ခါးခါးနဲ့  ဘ၀ကြမ်းကြမ်းကို ဘယ်လောက်အထိ ဖြတ်သန်း နေကြရဦးမှာပါလဲ။

မောင်စံမောင်လို ဒုက္ခိတ လူငယ်လေးတွေ ထိုင်းနိုင်ငံအတွင်းမှာ ဘယ်လောက်ရှိမယ်ဆိုတာ ဒီစာစုလေးကို ဖတ်မိသူတိုင်း အတွေး နယ်ချဲ့မိကြမှာ မလွဲပါဘူး။ မောင်စံမောင် ပေးပို့လာတဲ့ စာမျိုးလေးတွေရော ဘယ်နှစ်၊ ဘယ်အချိန် ဘယ်ကာလအထိ ဖတ်နေကြရဦးမှာလဲ။ သေချာတာကတော့ ပုဇွန်ကန်ထဲက ပန်ကာ ဒလက်တွေလို ကျနော်တို့ ဘ၀တွေက မရပ်မနား လည်ပတ် ရုန်းကန်နေရဦးမှာတော့ သေချာတဲ့ ဘ၀ဒဏ်ရာတွေ ဖြစ်နေတာပါပဲ။

ခန့်ဇော်နှင့် မောင်လွမ်းဏီ ပူးပေါင်း ရေးသားသည်။

20120131c