|
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင် ထွန်ခငုကျေးရွာရှိ ရော်ဘာခြံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမား (၇)ဦးသည် (၃၁၊ ၀၈၊ ၂၀၁၀)နေ့က ထိုင်းရဲများ၏ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။
အဆိုပါ အလုပ်အမားများမှ (၆)ဦးသည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ပိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ရော်ဘာခြံပိုင်ရှင် သူဋ္ဌေးက ဒေသခံရဲကို ဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
“၃၁၊၀၈၊၂၀၁၀ (အင်္ဂါနေ့) မှာ ကျွန်တော်တို့ကို စဖမ်းတယ်။ ရဲလာတာ ကျွန်တော်တို့ တွေ့တယ်၊ ကျွန်တော်တို့ အားလုံးက အပြစ်မှ မလုပ်ထားတာ။ တယောက်မှ မပြေးဘူး။ သူဌေးခေါ်လို့ သွားတယ်။ ဘတ်တွေကိုသိမ်းပြီး ကျွန်တော်တို့ကို ဖမ်းလိုက်တယ်။ ဘာဖြစ်လို့ ဖမ်းတာလဲမေးတော့ ခွက်ချီးခိုးရောင်းလို့ ဖမ်းတာလို့ ပြောတယ်။ ကျွန်တော်တို့တခါမှ အဲဒီလို ခိုးမရောင်းဖူးပါဘူး။ သူဌေးနဲ့ အလုပ် လုပ်လာတာ (၅)နှစ်ရှိပြီ။ ရာဘာပြားက တပြားကို (၁)ကီလိုနဲ့ (၂)ခစ်ရှိတယ်။ အခု သူဌေးဆီမှာ ရာဘာပြား (၁၀၀၀)ကျော် ကျန်ခဲ့တယ်။ ကျွန်တော်တို့ အားလုံးရဲ့ လုပ်အားခက သူဌေးနဲ့ (၆း၎) ဆိုတော့ လေးသောင်းကျော် ရဖို့ ရှိပါတယ်။ ကျန်တဲ့သူတွေ အားလုံးက ကျွန်တော့် ညီအစ်ကိုတွေပါပဲ။ ကျွန်တော် ဒီသူဌေးနဲ့ အလုပ် လုပ်လာတာ (၅) နှစ်ရှိပြီ။ ဘာပြဿနာမှ မရှိဖူးဘူး။ ဒီတခါပဲ ဖြစ်ဖူးတယ်။ အခုလို အဖမ်းခံရတော့ ကျွန်တော စိတ်မကောင်းဘူး။ ကျွန်တော် အလုပ်နဲ့ သက်သေပြတယ်၊ အလုပ်ကို ကြိုးစားပြီး လုပ်တယ်။ သူဌေး ကိုလည်း တခါမှ မတရား မလုပ်ဘူး။ ကိုယ့်ကို မတရားလုပ်တော့ ခံပြင်းတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ သူတို့ဆီမှာ အလုပ်လာ လုပ်နေတာဆိုတော့” ဟု အဖမ်းခံထားရသူ ကိုထွန်းနစ်က ပြောသည်။
ဖန်ငခရိုင်၊ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းထဲသို့ သွားရောက် ကြည့်ရှုခဲ့သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ကျန်းမာရေး တာဝန်ခံ ကိုအောင်ကြည်က “အချုပ်ခန်း ကျဉ်းကျဉ်းလေးထဲမှာ လူ( ၂၃) ယောက် စုပြီး ချုပ်ထားတယ်ဆိုတော့ သူတို့အနေနဲ့ အဖျားအနာတွေ ခံစားနေရတယ်။ ရော်ဘာခြံက ဖမ်းလာတဲ့ အလုပ်သမား တစ်ယောက်ဆို အဆုတ်ရောင်ရောဂါ ဖြစ်နေတယ်။ အခြားလူတွေလည်း နှာစေး၊ ချောင်းဆိုးတွေ ဖြစ်နေတာ တွေ့ရတယ်။ အစားအသောက်လည်း မလောက်ငှဘူးလို့ ပြောတယ်။ ကျနော်တို့ အနေနဲ့တော့ လိုအပ်တဲ့ ဆေးဝါးတွေ ပေးခဲ့တယ်”ဟု ပြောသည်။
ဖောင်ဒေးရှင်း အနေဖြင့် ဒေသခံ အဖွဲ့အစည်းများမှ လူ့အခွင့်အရေး ရှေ့နေများနှင့် ညှိနှိုင်း၍ တရားဥပဒေကြောင်းအရ အကူအညီ ပေးသွားမည်ဖြစ်သည်။
အဆိုပါအမှုကို သွားရောက် ကူညီပေးနေသည့် ဖောင်ဒေးရှင်းမှ ထိုင်းဝန်ထမ်း ဖိနောင်းက “အလုပ်သမား (၇)ဦးမှာ (၆)ယောက်က ထော်လော်-၃၈/၁(အလုပ်လုပ်ကိုင်ခွင့် လက်မှတ်)ရှိတော့ ကျမတို့အနေနဲ့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ လက်မှတ် မရှိတဲ့ အမျိုသမီး တစ်ယောက်ကိုတော့ ဒီနေ့ ပြန်ပို့မည်ဟု လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကျမတို့ အနေနဲ့ အလုပ်သမားတွေကိုလည်း တွေ့ဆုံပြီး လိုအပ်တဲ့ အချက်အလက်တွေ မေးမြန်းပြီး ဖြစ်ပါတယ်။ကျမတို့အနေနဲ့ ထိုင်းအစိုးရရဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့် ရှောက်တဲ့အဖွဲ့နဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ နောင်အနာဂါတ်မှာ ကျမတို့အနေနဲ့ ထိုင်း အစိုးရရဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရော်ဘာလုပ်ငန်းသည် ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး သိန်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက် လုပ်ကိုင်နေကြသည်။ အမြဲတမ်းဆိုသလို ရော်ဘာခြံလုမှုများ၊ အချင်းချင်း သတ်ဖြတ်မှုများ၊ ဓမြတိုက်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။
အဓိပ္ပါယ် ရှင်းလင်းချက်။
ခွက်ချီး= ခွက်ချီးဆိုသည်မှာ ရော်ဘာခြစ်သည့်အခါ အစီးရေခံသည့် ခွက်ထဲတွင် ကျန်ရှိနေသည့် ရော်ဘာစေး အကျန်(အဖတ်များ) ဖြစ်သည်။ အဆိုပါ ခွက်ချီးများကို အလုပ်သမားများအား ယူခွင့်ပေးသည့်အခါ ရှိသလို တချို့ သူဋ္ဌေးများက ယူသည့်အခါလည်း ရှိသည်။
(၆း၎)ဆိုသည်မှာ ဒေသခံ အလုပ်သမားများမှ အလွယ်ပြောဆိုသည့် ရပိုင်ခွင့် အချိုးအစားဖြစ်သည်။ ဥပမာအားဖြင့် တစ်ရက်လျှင် ရော်ဘာ(၁၀)ကီလို ရရှိလျှင် (၆း၎)အချိုးနှင့် သဘောတူထားပါက သူဋ္ဌေးက (၆)ကီလို ရမည်ဖြစ်ပြီး အလုပ်သမားက (၄)ကီလို ရရှိမည်ဖြစ် ပါသည်။ |