|
ပြီးခဲ့သည့် လပိုင်းအတွင်း ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများသည် တောနေလူတန်းစာများအား ဥပေက္ခာပြုခဲ့မှုကြောင့် မြို့နေ လူ့မလိုင် အထက်တန်းစားများနှင့် ဆင်းရဲသားများအကြား ဖြစ်ပွားခဲ့သည့် လူတန်းစားတိုက်ပွဲဟု နိင်ငံတကာ သတင်းမီဒီယာများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။ အနီဝတ် ဆန္ဒပြသူများ အသုံးပြုနေသည့် လူတန်းစား တိုက်ပွဲဆိုသည်မှာ လိမ္မာပါးနပ်စွာဖြင့် အများပြည်သူ စိတ်ဝင်စားမှုရအောင် အသုံးပြု ကြွေးကြော်သံသာဖြစ်ပြီး အမှန်တကယ် ဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို ရောင်ပြန်ဟပ်မှု မရှိပေ။ ထို့အတူ ဆင်းရဲသူနှင့် ချမ်းသာသူများအကြား ဖြစ်ပွားနေသည့် အတွေးအခေါ် တိုက်ပွဲသည် အလွယ်တကူဖြင့် ပုံသေကားချပ် ဖြေရှင်းလို့ ရမည်မဟုတ်ပေ။
အမှန်တကယ် လူတန်းစားတိုက်ပွဲ ဆင်နွှဲမည်ဆိုပါက ၄င်းတို့အနေဖြင့် နိုင်ငံရေး လှုပ်ရှားမှုများသည် လူထု ထောက်ခံမှုနှင့် ရှင်းလင်းပြတ်သားသည့် ပေါ်လစီများ ရှိရမည့်အပြင် အလွှာပေါင်းစုံမှ လူထုများအနေဖြင့် အစိုးရအဖွဲ့တွင် ပါဝင်ဆုံးဖြတ်နိုင်ခွင့်ကို မြှင့်တင်ရမည် ဖြစ်ပါသည်။ အနီဝတ်များ၏ ရပ်တည်ချက်မှာ ရွေးကောက်ပွဲ ရလဒ်မှတဆင့် လူထုအား အာဏာပြန်လည်အပ်ရန် ဖြစ်သော်လည်း တိကျပြတ်သားသည့် နိုင်ငံရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုများ မတွေ့ရပေ။ ထို့အပြင် ထပ်ဆင်ဝန်ကြီးချုပ် ဖြစ်စဉ်အခါကလည်း လူထုအနေဖြင့် မည့်သည့်အခါမျှ အစိုးရအတွင်း ဆုံးဖြတ်ပိုင်ခွင့်နှင့် ၄င်းတို့အတွက် အကျိုးရှိမည့် စီမံချက်ကြီးများအား စနစ်တကျ စစ်ဆေးခွင့်များ မရရှိခဲ့ပေ။ အမှန်တကယ်အားဖြင့် ထပ်ဆင်အစိုးရ ကျင့်သုံးခဲ့သည့် ပေါ်လစီများသည် ဆင်းရဲသား ပြည်သူများအား အလွယ်တကူ ငွေကြေးနှင့် ဝန်ဆောင်မှုကို ခဏတာ ရရှိစေခဲ့ပြီး ဆုံးဖြတ်ပိုင်ခွင့် အခန်းကဏ္ဍတွင် ကိုယ်စားပြုမှု၊ ပူးပေါင်းပါဝင် ဆုံးဖြတ်နိုင်ခွင့်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပိုင်ခွင့် ပြုမှုတို့နှင့် အနည်းငယ် ခြားနားနေပါသည်။ လက်တွေ့အားဖြင့် ထပ်ဆင်အစိုးရအနေဖြင့် သာမန် ပြည်သူများ၏ သဘောထား အမြင်များကို လျစ်လျူရှုခဲ့ပြီး၊ ဒေသတွင်း ဖွံ့ဖြိုးမှု လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်စဉ်က ၁၉၉၇ခုနှစ် အခြေခံဥပဒေ အခန်း(၅၆)ပါ အခြေခံအချက်များအတိုင်း အကောင်အထည် မဖော်ဆောင်ခဲ့သည့်အတွက် သဘာဝ အရင်းအမြစ်များနှင့် နေ့စဉ် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ ကြီးမားစွာ ဆုံးရှုံးခဲ့ရသည်။
၁၉၉၇နှင့်၂၀၀၇ ခုနှစ်များ အခြေခံဥပဒေအရ လွတ်လပ်သည့် ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုမည်ဆိုပါက လူထုသဘောထား ကောက်ယူရန် တရားဝင် ပြဋ္ဌာန်းထားသော်လည်း လျစ်လျူရှုခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်အနေဖြင့် လူထု၏ ပူးပေါင်း ပါဝင်ဆုံးဖြတ်ပိုင်ခွင့် အခန်းကဏ္ဍကို ချန်လှပ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းအနေဖြင့် ယူဆခဲ့သည်မှာ လူထုအား ပူးပေါင်းဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေး ပေးခဲ့သော် လွန်စွာ ရှုပ်ထွေးပြီး ၄င်း၏ တကိုယ်တော် ခေါင်းဆောင်မှုကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်ဟု ယူဆခဲ့သည်။ ၄င်း၏ လွတ်လပ်စွာ ကုန်ကူးသန်းရောင်းဝယ်မှု စာချုပ်ချုပ်ဆိုမှုသည် ဆင်းရဲသား လယ်သမားများ၏ အကျိုးကို များစွာ ထိခိုက်စေခဲ့သည်။ ထပ်ဆင်အစိုးရ ကျင့်သုံးခဲ့သည့် လူကြိုက်များသည့် မှုဝါဒများသည် လူထုကြား၌ ကျော်ကြားမှု ရစေရန်နှင့် လူထုအနေဖြင့် ငွေကြေးကို လွတ်လပ်စွာ သုံးစွဲနိုင်ရန် ဖြစ်သည်။ တချို့ကိစ္စများတွင် ဒေသခံ အာဏာပိုင်တို့ အနေဖြင့် တာဝန်ယူမှု လိုအပ်သည်ဟု သတိပြုမိသည့် အလျောက် အထူးဘဏ် စာရင်းများ ဖွင့်လှစ် ပေးခဲ့ပြီး ကျေးရွာလူထုအား ၎င်းတို့၏ ဒေသတစ်ခုလုံး၌ ရင်းနှီးမြှုပ်နှံ စေခဲ့သည်။ ထို့အပြင် အများအားဖြင့် ငွေကြေးများ သုံးစွဲမှုများသည် ရည်ရှည် တည်တံ့မည့် ကိစ္စများ၌ မဟုတ်ဘဲ ပြည်သူလူထုအား အချိန်တိုအတွင်း ချမ်းသာမည်ဟု မျော်လင့်ချက် ပေးရုံသာဖြစ်ပြီး၊ နောက်ဆုံး၌ အကြွေးများနှင့်သာ လုံးပမ်းခဲ့ကြရသည်။
ထပ်ဆင်အနေဖြင့် ထိုင်းနိုင်ငံအတွင်း မျှမျှတတ ချမ်းသာကြွယ်ဝမှုနှင့် မျှဝေခွဲခြမ်းမှုကို အမှန်တကယ် စိတ်ဝင်စားပုံမရခဲ့ပေ။ ထပ်ဆင်ကြွေးကြော်ခဲ့သည့် အရှင်းရှင်စနစ်ကို ထိန်းချုပ်မည်ဆိုသည့် ကြွေးကြော်သံမှာ အနှစ်သာရ မရှိသည့် ဆောင်ပုဒ်တစ်ခုသာ ဖြစ်သည်။ အမှန်တကယ် အရင်းရှင်စနစ်ကို ထိန်းချုပ်မည်ဆိုပါက စနစ်ကျ ခိုင်မာသည့် မြေယာဝေခြမ်းမှု မူဝါဒရှိရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကုန်ပစ္စည်း ထုတ်လုပ်မှု စီးပွားရေးစနစ်တွင် မြေယာကဏ္ဍသည် အခြေခံဖြစ်သည်။ ထပ်ဆင် အစိုးရအနေဖြင့် အဆိုပါမှုဝါဒကို မည်သည့် အချိန်ကမျှ ချမှတ် ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။ အဆိုပါ မှုဝါဒများကို ချမှတ် အကောင်အထည် ဖော်ရမည့်အစား ၎င်း၏ မိသားစုများက SC ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ၎င်းတို့၏ အဓိကမူဝါဒမှာ မြေယာမြောက်များစွာကို တစည်းတလုံးတည်း သိမ်းဆည်း ပိုင်ဆိုင်ထားရန် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် ထပ်ဆင်မိသားစု၏ အရှိန်အဝါကို အသုံးပြုခဲ့ပြီး မြောက်များစွာသော နိုင်ငံပိုင် မြေယာများကို လက်ဝယ် ပိုင်ဆိုင်နိုင်အောင် မှုဝါဒများ ချမှတ် ဆောင်ရွက်ခဲ့သည်။
အဘီဆစ် အစိုးရနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ရှိ အစိုးရအနေဖြင့် မြေယာပြုပြင် ပြောင်းလဲရေး ကော်မီတီကို ဝန်ကြီးချုပ်အနေဖြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစိုးရအဖွဲ့များအပြင် လူ့ထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ကော်မီတီ၏ ဆောင်ရွက်မှုများသည် နှေးကွေးသော်လည်း အစိုးရပိုင် မြေယာများအပေါ်တွင် လက်ရှိ နေထိုင် လုပ်ကိုင် စားသောက်နေသည့် လုပ်သားပြည်သူများသို့ တရားဝင် မြေယာ ပိုင်ဆိုင်မှု စာချုပ်များ ထုတ်ပေးနိုင်ခဲ့သည်။ အမှန်အားဖြင့် ဆိုရသော် မြေယာပြုပြင်ရေး မှုဝါဒသည် အစိုးရ ဝန်ထမ်းများ၏ အတိုက်အခံပြုမှု၊ မနှစ်မြို့မှု များကိုလည်း ခံခဲ့ရသည်။
သို့သော်လည်း အင်္ကျီအနီဝတ် ဆန္ဒပြသူများ အနေဖြင့် ခေါင်ယိုင်ဒေသရှိ ဗိုလ်ချုပ်ကြီး စူလာရွတ် ချူလနုတ်ပိုင်ဆိုင်သည့် အိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ လက်ရှိ အစိုးရအား ဆင်းရဲသား လူထုများကို လှစ်လျူရှုသည်၊ လူတန်းစား တိုက်ပွဲစနေပြီဟု မစွတ်စွဲမီ၊ လက်ရှိ အစိုးရ အနေဖြင့် ထပ်ဆင်၏ မူဝါဒဖြစ်သော ထိုင်းတစ်နိုင်ငံလုံး၏ ကျေးရွာများသို့ တိုက်ရိုက် ငွေကြေးထောက်ပံ့မှုကို မဖျက်သိမ်းခဲ့သည်ကို ထောက်ပြရန် လိုအပ်ပါသည်။ အမှန်တကယ်မှာ အသုံးစရိတ်အနေဖြင့် သုံးဆခန့် မြင့်တက်နေပြီး ယခုအချိန်တွင် (၁၈)ဘီလီယံဘတ် သုံးစွဲပြီး ဖြစ်ပါသည်။ အစိုးရအနေဖြင့် ဖွံ့ဖြိုးမှု စီမံကိန်းများကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် မိသားစုဝင်များအား လျော်ကြေး ပေးဆောင်ခဲ့ပါသည်။ ရာစီစလိုင် ရေကာတာ ဆောက်လုပ်မှုကြောင့် ပျက်စီး၍ ဆုံးရှုံးခဲ့ကြရသည့် အရှေ့မြောက်ခရိုင်များဖြစ်သော ဆရိုင်စကဲ၊ လွဲအစ်နှင့် စူရင်ဒေသမှ ထောင်နှင့်ချီသော မိသားစုများ အတွက် စုစုပေါင်း(၇၉၅)မီလီယံဘတ် လျော်ကြေး ပေးဆောင်ခဲ့ပြီး ဖြစ်သည်။
အဘီဆစ် အစိုးရအနေဖြင့် ထိုင်းစိုက်ပျိုးရေးဘဏ်ကို အသုံးပြု၍ လယ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ထုံး လုပ်နည်းများကို အသုံးပြုပြီး စိုက်ပျိုးရေးကဏ္ဍမှ ထွက်ကုန်များ၏ ဈေးနှုန်းကို အာမခံပေးနိုင်ခဲ့ပြီး လယ်သမား တစ်ဦးချင်းထံသို့ တိုက်ရိုက်ပေးချေသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ယခုလို ဆောင်ရွက်ခဲ့မှုများသည် ယခင် ဆောင်ရွက်ခဲ့သည့် မူဝါဒဟောင်းများနှင့် လုံးဝခြားနားခဲ့သည်။ ယခင်ကဆိုလျှင် စိုက်ပျိုးရေး ထွက်ကုန်များကို နိုင်ငံခြားတင်ပို့သူ အကြီးစားများ (သို့မဟုတ်)ဆန်စက်ပိုင်ရှင်များထံမှတဆင့် ငွေကြေးပေးချေခဲ့သည်။ ယခင်က မှုဝါဒဟောင်းများသည် အရင်းရှင်များအကြား အဂတိလိုက်စားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည့်အပြင် ငွေကြေး ချမ်းသာသူများအနေဖြင့် ဆင်းရဲသား တောင်သူလယ်သမားများအပေါ် အသာစီးရစေခဲ့သည်။
အရေးကြီးသည့် အချက်တစ်ခုမှာ အဂတိလိုက်စားသည်ဟု မသင်္ကာစရာ အစီရင်ခံစာတရပ် ပေါ်ထွက်လာသည့်အခါ အစိုးရအနေဖြင့် စောလျင်စွာ အရေးယူမှု ပြုလုပ်ခဲ့ပြီး နှုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ အစီရင်ခံစာကြောင့် ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးဝန်းကြီး နှစ်ဦးလုံး ၎င်းတို့၏ ရာထူးများ ဆုံးရှုံးခဲ့ရသည်။ အဘီဆစ် အစိုးရအနေဖြင့် ဆင်းရဲသား ပြည်သူလူထုများကြား အသုံးစရိတ်နှင့်ကြွေးမြီ လျော့ချနိုင်ရန် ကြိုးစားခဲ့သည့် အနေဖြင့် (၁၅)နှစ် အခမဲ့ ပညာသင်ကြားခွင့်၊ အခမဲ့ ဆေးကုသခွင့် (လူဦးရေ၏ ၉၉%ခန့်ရရှိထားသည်) နှင့် သက်ကြီး ရွယ်အိုများအား လစဉ်(၅၀၀)ဘတ်ငွေ ထောက်ပံမှုများကို အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ပေါ်လစီများသည် ထပ်ဆင်အစိုးရ၏ ပထမသက်တမ်းကတည်းက စတင်ခဲ့လျင်တောင် ကျားကန်ထားသည့် လူမှု အထောက်အကူပြု မှုဝါဒများ မရှိခဲ့သည့်အတွက် အများစုသော ပြည်သူလူထုကြီးမှာ အကျိုးခံစားခွင့် မရရှိခဲ့ပေ။
ဤသို့သာဆိုလျင် လူတန်းစားတိုက်ပွဲလို့ ခေါ်နိုင်ပါမည်လား။ ယခုလက်ရှိ အစိုးရမှနေ၍ ပိုမိုကောင်းမွန်သော အခွန်စနစ်၊ စနစ်ကျသော လယ်ယာမြေ ဝေခြမ်း လုပ်ပိုင်ခွင့်၊ ပိုမိုကောင်းမွန်သော အလုပ်သမားအခွင့် အရေးနှင့် မျှတသော ကောက်ပဲသီးနှံ အာမခံများအား စတင်ဆောင်ရွက်ပြီးနောက်ပိုင်း ဘယ်အတွက်ကြောင့် ၎င်းအား ပစ်မှတ်ထား နေသနည်း။ ၎င်းပေါ်လစီများက လူချမ်းသာများသာ အကျိုးရှိစေနိုင်ပါသလား၊ ယခုကဲ့သို့ လူတန်းစားတိုက်ပွဲဟု ဟစ်ကြွေးနေသူများသည် ၎င်းတို့၏ တောင်းဆိုချက်ဖြစ်သော ပါလီမန်ဖျက် သိမ်းရေးနှင့် လူထုအပေါ် အာဏာပြန်ရရှိရေးကိုသာ အဓိကထား တောင်းဆိုနေကြပြီး မည်ကဲ့သိုသော ပေါ်လစီများကို လိုက်နာနေသည် ဆိုခြင်းနှင့်ပတ်သက်၍ အနည်းငယ်မျှသာ စိတ်ဝင်စားကြပုံရနေသည်။ ယခုကဲ့သို့ လူတန်းစား တိုက်ပွဲဟု အကျယ်တဝင့် ဟောပြော ရေးသားချက်များသည်လည်း ပါးနပ်သည့် နိုင်ငံရေး ပြောဆိုချက်များသာဖြစ်ပြီး စစ်မှန်သော ဗျူဟာမြောက် တွန်းအားပေးမှုမှာ ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်အား အာဏာပြန်လည် ရရှိရေးအတွက် တိုက်ခိုက်ခြင်းသာ ပို၍ ဖြစ်ဟန် တူလေသည်။
Mr. Kraisak Choonhavan ရေးသားသည့် Thailand: A Class Struggle? ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ Mr. Kraisak Choonhavan သည် ထိုင်းနိုင်ငံ၏ လက်ရှိအာဏာရ ပါတီမှ ဒုတိယ ခေါင်းဆောင်တဦးဖြစ်ပြီး ယခင်အထက်လွှတ်တော်အမတ်၊ အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဥက္ကဌ ဖြစ်သည့်အပြင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် “ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း” မှ ဥက္ကဌတဦးလည်း ဖြစ်ပါသည်။ |