|
“အို….. ထာဝရဘုရားသခင် ကယ်တင်ရန် ခွန်အားပြည့်ဝသည့်အတွက် မငြိမ်ဆိပ်သော လှိုင်းလုံးကြီးများကို ဘယ်သူ့လက်နှင့် ချုပ်ကိုင်ပေးမှာပါလဲလေ….။ ပင်လယ်ပြင်ထက် ဘေးအန္တရာယ်များကြား၌ ရောက်နေစဉ်… ကျုပ်တို့၏ တောင်းပန် အသနားခံမှုများနှင့် ငိုကြွေး သံများအား….. ခွင့်လွှတ်တော်မူပါအရှင်…..” (ဓမ္ဓတေး…..မှ)
(က) “အရောင်းစားခံရတဲ့ သူတွေအကြောင်းတော့ ခဏခဏ ကြားဖူးတယ်လေ။ ဒါပေမယ့် ကျနော်ကတော့ စွန့်စားမယ်လို့ ဆုံးဖြတ်ပြီး ထွက်လာတာ။ သူက တစ်ယောက်ကို ရွှေနှစ်ကျပ်ခွဲသားစီ ယူတယ်။ ကျနော်တို့ အလုပ်ရမှ လုပ်ခထဲက ပြန်ပေးရမှာတဲ့။ ဘီးလင်းက ကျနော်တို့ ငါးယောက် သံဖြူဇရပ်ကို အတူတူလာခဲ့ကြတာ။ သံဖြူဇရပ်မှာ ရနောင်းကို ထွက်မယ့်လှေကို ဆယ်ရက်လောက် စောင့်ခဲ့ရတယ်။ ရနောင်းကနေ ဒီကိုတန်းလာတာ။ ပွဲစားက အဆက်အသွယ်ရှိတယ်။ ဒီကိုရောက်တော့ သူ ကျနော်တို့ကို နောက်ပွဲစားတစ်ယောက်ထဲ ထပ်ထည့် လိုက်တယ်။ ပွဲစားအသစ်က ကျနော်တို့ကို မဲကလောင်ကို ပို့ပေးတယ်။ အဲဒီမှာ ငါးဖမ်းလှေတွေ အများကြီးပဲ။ ကျနော်လုပ်တဲ့ လှေပေါ်မှာ မွန်တွေ၊ ဗမာတွေလည်း အများကြီးပဲ။ သူတို့က မင်းတော့ အရောင်းစားခံရပြီတဲ့။ အလုပ်လုပ်ပြီး အကြွေးတွေ ပြန်ဆပ်ရမယ်လို့ ပြောတယ်။ ကျနော်တို့ ဘာမှ မတတ်နိုင်ဘူးလေ။ အလုပ်လည်း ပြောင်းလို့မရ၊ ဘယ်မှလည်း သွားလို့မရ၊ ဘယ်လောက်နဲ့ ရောင်းစားသွားလဲ မသိရဘူး။ သေချာတာကတော့ ပထမတုန်းက သူတို့ကို ပေးရမယ့် ပွဲစားခထက် ပိုများတယ်” ထိုကဲ့သို့ အရောင်းစားခံရသည့် သူများက ထိုင်းနိုင်ငံတောင်ပိုင်း ငါးဖမ်းလုပ်ငန်းများတွင် ပို၍များသည်။ အထူးသဖြင့် ရနောင်း….။ ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ အစီရင်ခံစားများအရ …. ရနောင်းတွင် မြန်မာ နိုင်ငံသားများအား ရောင်းဝယ်ခဲ့သည့် အမှုပေါင်းက ၂၀၀၇ခုနှစ်တွင် (၂၁၄)မှု၊ ၂၀၀၈ခုနှစ်တွင် (၃၅၂)မှုနှင့် ၂၀၀၉ခုနှစ် မေလ (၂၇)ရက် နေ့အထိ ဖြစ်ပွားခဲ့သည့် ရောင်းဝယ်ခဲ့မှု ပေါင်းက (၃၂၀)မှု ရှိခဲ့သည်ဟု ဆိုသည်။ လူအရောင်းအ၀ယ် မှုများက တစ်နှစ်ထက် တစ်နှစ် တိုး၍ များပြားလာသည်။ ၂၀၀၉ခုနှစ် ခြောက်လ အတွင်း၌ပင်…. အမှုပေါင်းက (၃၂၀)ရှိနေ၏။ ထိုင်းနိုင်ငံအတွင်း လူကုန်ကူး၍ လူအရောင်းအ၀ယ် လုပ်ကြသည့် ဂိုဏ်းပေါင်း (၁၇)ဂိုဏ်းမျှ ရှိ၏။ ထိုအထဲ၌ ရနောင်းတွင် အခြေစိုက်သည့် ဂိုဏ်များက (၁၅)ဂိုဏ်းမျှ ရှိသည်။ ထို (၁၅)ဂိုဏ်း၏ အောက်၌ လက်ခွဲ ဂိုဏ်းငယ်များက (၂၀)မျှ ရှိသည်ဟု ဆိုသည်။ ထိုင်း အာဏာပိုင်အချို့ ပါဝင် ပတ်သက်နေသည့်အတွက် ဂိုဏ်းများအား ထိုင်းအစိုးရ အနေနှင့် ဖော်ထုတ်ရန်မှာ လွယ်သင့်သလောက် မလွယ်ကူ…. အခက်အခဲ ရှိနေသည်ဟု ဆိုရမည်။ ဂိုဏ်းများက ထိုင်းအာဏာပိုင် အချို့အား လစဉ်ဆက်ကြေး ပေးနေရသည့် ငွေကြေး ပမာဏာက ဘတ်ငွေ ဆယ်သန်းမျှ ရှိသည်။  | “မစ္စတာ ခွန်ဆက် အိမ်ထဲမှာ ကျနော်တို့ ကွန်ပြူတာ (notebook) တစ်လုံးကိုပါ တွေ့ခဲ့တယ်။ အဲဒီအထဲမှာ ဒီအမှုမှာ ပါဝင် ပက်သက်နေတဲ့ လူတွေရဲ့ အမည်နဲ့ သူတို့ ကွန်ယက်ထဲမှာ ပါဝင်နေတဲ့ အဖွဲ့ဝင် အမည်တွေ ပါတယ်။ နောက်ပြီး ဒီနေရာကနေ အခြားနေရာတွေကို ဘယ်လို၊ ဘယ်ပုံ ဖြတ်သန်း၊ ၀င်ရောက်မယ်ဆိုတဲ့ အစီအစဉ် ဇယားကိုလည်း ဆွဲထားတာကို တွေ့ရတယ်။ နောက်ပြီးတော့ အခုလို လူခိုးသွင်းမှုမှာ လုံခြုံမှုရှိဖို့အတွက် မစ္စတာ ခွန်ဆက် အနေနဲ့ ပိုက်ဆံ လာဘ်ထိုးခဲ့တဲ့ အရာရှိတွေရဲ့ အမည်တွေလည်း ပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် ကွန်ပြူတာကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို လွှဲပေးမှာပါ” မစ္စတာ ခွန်ဆက်၏ အဖွဲ့အစည်းက ရနောင်းတွင်ရှိသည့် ဂိုဏ်များအနက် နံပါတ် (၁၂)အဆင့်ရှိသည့် ဂိုဏ်းကြီး တစ်ခုဖြစ်သည်ဟု ဆိုသည်။ ဂိုဏ်းဝင်လူ (၁၅)ယောက်ရှိပြီး သူ၏ ကွန်ယက်က ရနောင်းမှ တဆင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများသို့ လူပေါင်း (၅၀၀၀)၀န်းကျင်အား လစဉ်သယ်ပို့ ရောင်းဝယ်လျှက် ရှိသည်ဟု သိရ၏။ (ခ) ရနောင်းရှိ လူကုန်သည် ဂိုဏ်းများထံသို့ မြန်မာပြည်မှ လာရောက်ရောင်းချသည့် လူကုန်သည်များအနက်….. မြ၀တီမြို့၊ ၀ါးတောရပ်ကွက်တွင် နေထိုင်သည့် DKBA မှ ဗိုလ်များလည်း ပါဝင်သည်။ သူတို့က မြန်မာနိုင်ငံ အရပ်ရပ်မှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် နယ်စပ်သို့ ထွက်လာခဲ့ကြသည့် မြန်မာနိုင်ငံသားများအားစု၍ …. ထိုင်းရှိ လူကုန်သည် ဂိုဏ်းများထံသို့ ရောင်းစားကြ၏။ “ကျနော်တို့ ၂၀၀၈ ဧပြီလ (၁၈)ရက်နေ့က မြ၀တီ၊ ၀ါးတောမှာနေတဲ့ ဒီကေဘီအေက ဗိုလ်ကြီးအဆင့်ရှိသူက ကယ်ရီခ ဘတ် (၁၂၀၀၀)ဆိုပြီး ဈေးဖြတ်ပြီး ခေါ်လာခဲ့တာ။ မိန်းကလေး (၆)ယောက်အပါအ၀င် အားလုံးကျနော်တို့ လူနှစ်ဆယ်ကျော်တယ်။ လမ်းမှာ ငှက်ပျောသီးစားပြီး လာရတယ်။ ကောင်မလေးတွေကိုတော့ ဘန်ကောက်မှာ ရောင်းစားခဲ့တယ်။ ယောက်ျားတွေကိုတော့ ဒီလှေဆိပ်ကို ခေါ်လာပြီး ဘတ်(၂၂၀၀၀)နဲ့ လာရောင်းစားခဲ့တယ်” ရနောင်းတွင် ရောင်းစားခံထားရသည့် မြန်မာ အလုပ်သမားများက…. နေ့စဉ်နံနက် ငါးနာရီ၊ ခြောက်နာရီ လောက်မှစပြီး ငါးဖမ်းလှေများနှင့် ပင်လယ်ပြင်သို့ ထွက်ကြရ၏။ တနေကုန် ပိုက်ချရသည်။ တနေ့တွင်…. လေးကြိမ်၊ ငါးကြိမ်မျှ ပိုက်ချကြရခြင်း ဖြစ်သည်။ အစားအသောက် ပေးသော်လည်း မ၀ရေစာ…။ ပိုက်ချကြိမ် တစ်ကြိမ်နှင့် ကြိမ်ကြား အားလျှင်လည်း မနားရ…။ ပိုက်ဆရာနှင့် ‘ရေချူး’ ဟုခေါ်သည့် လှေလုပ်ငန်း ခေါင်းဆောင်တို့အား နှိပ်နင်းပေးရသေး၏။ လူသစ်များက လှေပေါ်သို့ တက်ခါစတွင် လှေမူးကြ၏။ လှေမူးသည့် ဝေဒနာကား မခံမရပ်နိုင်လောက်အောင် အော့အံ၍ မူးခြင်းဖြစ်သည်။ ခေါင်းမထူနိုင်….။ အလုပ်မလုပ်နိုင်….။ ဤတွင် ‘ရေချူး’ တို့က…. ဆားငန်ရေ၊ ရေခဲရေများနှင့် တရပ်စပ် ခေါင်းပေါ်မှ လောင်းချကြ၏။ အေးစိမ့်မှုနှင့် ဆားငန်းရေကြောင့် အသားတို့က စပ်၍ နေသည်။ ညခင်းတွင်မူ လှေက ကမ်းသို့ပြန်ကပ်၏။ လှေကမ်း ပြန်ကပ်လျှင်…… ၀ယ်ယူထားကြသည့် ပိုင်ရှင်များက မြန်မာ လှေလုပ်သားများအား သုံးဘီး ဆိုင်ကယ်များနှင့် ပြန်ခေါ် သွားကြပြီး၊ အချုပ်ခန်းကဲ့သို့သော အခန်းတွင်း၌ တစ်ညတာ ပိတ်လှောင်ထား လိုက်ကြ၏။ နောက်တနေ့ ရောင်နီ ပျိုးလျှင်မူ…. လှေပေါ်သို့ ပြန်ပို့၏။ ပင်လယ်ပြင်တွင် တနေ့တာ ထိုင်းပိုင်ရှင် အရှင်သခင်အတွက် အလုပ်လုပ် ပေးကြရပြန်သည်။ ပင်လယ်က…. သူတို့အတွက်မူ…. မီးပင်လယ်။ ကူးဖြတ်ရန်မှာလည်း မလွယ်…..။ “ဒီနေ့ မနက် စောစောကပါ။ ကျိုက်ထိုက ကိုဇင်သော် အသက်(၂၀) ၀န်းကျင်နဲ့ နောက်တစ်ယောက်ပါ။ သူတို့ ထွက်ပြေးတာကို မွန်ပွဲစားတွေ မိသွားတယ်။ ရိုက်လိုက်တာဗျာ၊ မကြည့်ရက် စရာပဲ၊ သေလား ရှင်လားတော့ မသိဘူး။ ၀ိုင်းရိုက်ကြတာ။ တစ်ကိုယ်လုံး သွေးတွေ နီရဲနေတာပဲ။ အကြွေးကျေပေမယ့်လည်း သွားမရဘူး။ ပုလိပ်ကို ဖမ်းခိုင်းပြီး ပြန်ရောင်းစားတယ်။ မသေမချင်း ခံရမယ့်သဘောပဲ” အချို့သော အရောင်းစားခံထားရသည့် သူများကမူ…. ကမ်းသို့ နေ့စဉ်ပြန်ကပ် တစ်ညတာချုပ်ထား နောက်တနေ့တွင် ပင်လယ်ပြင်သို့ ပြန်ထွက်ရခြင်းမျိုး မဟုတ်…. လနှင့်ချီ၍ ပင်လယ်ပြင်တွင် နေပြီး ငါးဖမ်း ကြရခြင်းဖြစ်သည်။ ဤသို့သော… စက်လှေများတွင် ရောင်းစားခံထားရသည့် လူ့ကျွန်များ၏ ဘ၀က ပို၍ပင် ဆိုးသည်ဟု ဆိုရမည်။ ‘ရေချူး’ တို့၏ အာဏာစက်အောက်၌ နေကြရ၊ လုပ်ကိုင်ကြရခြင်း ဖြစ်သည်။ ‘ရေချူး’တို့၏ ဥပဒေက ‘တောရိုင်းကြီး’ ဥပဒေ ဖြစ်သည်။ အနိမ့်ဆုံး အမှုနှင့် အမြင့်ဆုံး အမှုတို့၏ ပြစ်ဒဏ်က ….. ရေထဲသို့ ကန်ချ၍ သေဒဏ်စီရင်ခြင်းပင်…..။  | “ကျနော်တို့ ဘန်ကောက်မြို့အနီး မဟာချိုင်က စီလန်ကရို့ လှေနံပါတ်(၇)နဲ့ လွန်ခဲ့တဲ့ နှစ်လနဲ့ (၂၃)ရက်ကစပြီး ထွက်လာ ခဲ့ပါတယ်။ လှေစထွက်တုန်းက တစ်လ တစ်ကြိမ် ကမ်းကို ကပ်မယ်ပြောပေမယ့် ခုထိ မကပ်ဘူး။ လှေပေါ်မှာ ကျနော်တို့ တစ်နေ့ကို နာရီနှစ်ဆယ်လောက် အလုပ်လုပ်ရပေမယ့် ငါးရေလုံပြုတ်နဲ့သာ စားရပါတယ်။ ကျနော်တို့နဲ့အတူ အလုပ်လုပ်တဲ့ (တနင်္သာတိုင်း၊ ပလောမြို့နယ် တိုးရွာမှ) အသက်(၄၅)နှစ် အရွယ်လောက်ရှိတဲ့ ကိုယာဘန်းဆီက နေမကောင်းလို့ ခဏနားနေတာ ရေချူးက ခြေထောက်နဲ့ ကန်လို့ နှာခေါင်း သွေးယိုသွားတယ်။ ပြီးတော့ အရှင်လတ်လတ် ပင်လယ်ထဲသို့ ကန်ချခဲ့ပါတယ်” (ဂ) ထိုင်းနိုင်ငံအတွင်း ၀င်ရောက်၍ အလုပ် လုပ်ကိုင်နေကြရသည့် မြန်မာ့နိုင်ငံသားများ၏ ဓမ္မန္တရာယ် တစ်ခုက …. အချို့သော ထိုင်းပုလိပ်များ ဖြစ်သည်။ ထိုင်းပုလိပ် အချို့က…. ထိုင်းနိုင်ငံအတွင်း လာရောက်၍ အလုပ် လုပ်ကိုင်ကြသည့် မြန်မာများမှ အလုပ်သမား လက်မှတ်မရှိသည့် သူများအား ရှာဖွေ၍ ဖမ်း၏။ ဤသို့ ဖမ်းပြီး ထိုင်းနိုင်ငံ၏ လူဝင်မှု ဥပဒေအရ ရုံတင် တရားစွဲကြခြင်းက မဟုတ်….။ ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများအား လူကုန်သည် ဂိုဏ်းများဆီသို့ ပြန်၍ ရောင်းချကြခြင်း ဖြစ်၏။ မုဆိုးနှင့် သားကောင်းများသဖွယ်….။ “၂၁ရက်နေ့က ကျနော်ရယ် ဦးရွှေမောင်ရယ်၊ မောင်စိုးညွန့်ရယ် ပါနန်းရဲစခန်းရှေ့က လမ်းလျှောက်လာတဲ့အချိန်မှာ ပုလိပ် အဖမ်းခံရတာပါ။ ကျနော်နဲ့ ဦးရွှေမောင်မှာက ဘတ်ပါတယ်။ မောင်စိုးညွန့်မှာက ဘတ်မပါဘူး။ ဖမ်းထား လိုက်ပါတယ်။ မနက်မိုးလင်းတော့ သူဌေးတွန့်(လှေပိုင်ရှင်) ကိုယ်တိုင် သွားရွေးတဲ့အခါ မရှိတော့ဘူးလို့ ရဲစခန်းက ပြောလိုက်ပါတယ်။ ခုဟာက လှေကို ရောင်းစားလိုက်တယ်ဆိုတော့ သူအသက်အတွက် အာမခံချက် မရှိတော့ဘူး” ကျုံဖော်၊ ပါနန်းရဲများက…. ကိုစိုးညွှန့်အားဖမ်းဆီးခဲ့ပြီး နောက်တနေ့တွင်ပင်… ပါနန်း ရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာ ရုံပိုင်ရှင် ဆံရှည် (ခ) ဖိတိုးဆိုသူအား ရောင်းချလိုက်၏။ ဖိတိုးမှတဆင့်… လှေလုပ်ငန်းရှင် ထိုင်းသူဌေးများထံသို့ ထပ်၍ ရောင်းချပေလိမ့်မည်။ လက်ပြောင်း လက်လွှဲနှင့် ရောင်းချခြင်း ခံနေရသည့် မြန်မာတို့၏ ခေတ်သစ် ကျွန်များ၏ ဘ၀က…..။ “ဒီမှာ မြန်မာ အလုပ်သမားတွေက ထိုင်းကိုလာပြီး အလကားလာ လုပ်ပေးနေရသလိုပါပဲ။ ပုလိပ်ဖမ်းလိုက် ရွေးလိုက် လုံးခြာ လိုက်နေတာပဲ။ ပုလိပ်တစ်ယောက်ဆို အစက ဘာမှမရှိဘူး။ မြန်မာလုပ်သမားတွေကို ဖမ်းလိုက် ရောင်းလိုက် ငွေညှစ်လိုက်နဲ့ ငါးဖမ်းလှေကြီး နှစ်စီးတောင် ပိုင်ထားပြီ။ ကျနော်တို့ဘ၀ မကောင်းပါဘူး” (ဃ) မြန်မာလူမျိုးတို့၏ ‘လူရောင်းကုန်’ ဈေးကွက်က…. ထိုင်း၊ မလေးရှား နယ်နိမိတ် အထိပင် ကျယ်၏။ ကြီး၏။ မလေးရှား နိုင်ငံတွင်လည်း အလုပ်လုပ်ကိုင် နေကြသည့် မြန်မာများအား တရားဝင် ခရီးသွား စာရွက် စာတမ်းများ မရှိလျှင် မလေးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိများက ဖမ်း၏။ အချို့သော မလေးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိများက…. ဖမ်းဆီးရမိသည့် မြန်မာများအား ပထမတွင် ငွေတောင်း၏။ ငွေပေးနိုင်သူ မြန်မာများက လွတ်၏။ မပေးနိုင်သည့် မြန်မာများကိုမူ….. မလေးရှားနိုင်ငံ မြောက်ပိုင်း ထိုင်းနယ်စပ်သို့ တင်ဆောင်ခဲ့ပြီး ထိုင်း လူကုန်သည်များလက်သို့ မြန်မာတစ်ဦးလျှင်…. မလေးရှား ရင်းဂစ် (၆၀၀)နှင့် ရောင်းချကြ၏။ “လူကုန်ကူး သူတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲကို ခေါ်သွားပြီး၊ အလုပ်သမားတွေကို ပြန်လွှတ်ဖို့ သူတို့ဆီကနေ တစ်ယောက်ကို မလေး ရင်းဂစ်ငွေ ၂၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၀) တောင်းပါတယ်။ အလုပ်သမားတွေက အဲဒီလိုမှ မပေးနိုင်ရင် လူကုန်ကူးတဲ့သူတွေက သူတို့ကို ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ ရောင်းစား ပစ်တယ်” “ဒါတွေက တစ်ကယ်ကို ဖြစ်နေတာပါ” မလေးရှား ရဲထောက်လှမ်းရေး အရာရှိ ‘မိုဟာမတ် ဘာကရီ’ ကိုယ်တိုင်က ထုတ်ဖော်၍ပြောခြင်းဖြစ်၏။ (င) လူသား ရောင်းကုန်များအဖြစ်သို့ သက်ဆင်းနေကြရသည့် မြန်မာအလုပ်သမားများ၏ အခြေအနေက ….. ၂၀၁၀ခုနှစ်… နှစ်သစ်တွင်လည်း အနာဂတ်ကောင်းများ ရှိလာရန် ဟူ၍ မမြင်ရသေး….။ အမှောင်လွှမ်းဆဲ…..။ ရောဂါက သွေးမတိတ်သည့် ဝေဒနာအဖြစ်နှင့် စွဲကပ်၍ ရှိနေလိမ့်မည်ပင်…..။ ကုထုံးနှင့်ဆေးကမူ ရှိ၏။ “ကျနော်တို့နိုင်ငံက ကောင်းနေပြီဆိုရင်တော့ ကျနော်လည်း အခုချက်ချင်းပြန်မှာပေါ့။ ကျနော်တို့ဘ၀မှာ မျှော်လင့်ချက်သာ ရှိသေးရင် ကျနော်တို့ ဒီကိုတောင် မလာဘူး။ ဗမာပြည်မှာ လွတ်လပ်မှုရှိတဲ့အထိ ကျနော်ဒီမှာပဲ နေချင်ပါတယ်။ ကျနော် ပွင့်ပွင့်လင်းလင်း ပြောတာပါ….. ကျနော်တို့မှာ လွတ်လပ်ခွင့် ရှိရင်တော့ ကျနော်တို့ ဒီမှာ လာမနေပါဘူး။ တစ်နာရီတောင် မနေချင်ဘူး။ ခုချိန်ထိတော့ ဘာမှ မမြင်ရသေးပါဘူးဗျာ။ ဗမာ့မြေမှာ သိပ်မှောင် နေတုန်းပါပဲ” ဤသည်ပင်လျှင်…. ကုထုံးနှင့် ဆေးဟု ဆိုချင်၏။ မင်းဟန် ရည်ညွှန်း - GHRE ၀က်ဆိုဒ် |