နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

နေခြည်ထဲတွင် ရွှေကိုမြင်သည် (သို့မဟုတ်) FED/GHRE ၏ ကိုးနှစ်ခရီး…. PDF Print E-mail
Wednesday, 16 December 2009 09:32

(၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလ ၁၀-ရက်နေ့တွင်ကျရောက်သည့် FED/GHRE ၏ ကိုးနှစ်မြောက် မွေးနေ့သို့)

 

(က)

ပင်လယ်သည် ဣနြေ္ဒကြီးစွာနှင့် ဆိတ်ငြိမ်လျက်….။ လူးလွန့်နေသည့် လှိုင်းတို့ပင်မရှိ…။ ဗိုင်းကောင်းကျောက်ဖိ နိုင်လွန်းလှ၏။ ရေပြင်က… ပြန့်ပြန့် ပြူးပြူး….။

ဖျော့သော ပတ္တမြားသွေးရည်က ကောင်းကင်ပြာအတွင်း ပတ်ဖြန်းထားသကဲ့သို့….. အပြောက်… အပြောက်နှင့်….။ နီးမောင်းသော ကောင်းကင်၏ အရောင်က ပင်လယ်အတွင်း ရေပြင်တွင်မူ….. ဖျော့၍ လိမ္မော်ရောင်အဆင်းနှင့် ထင်ဟပ်နေ၏။ ကောင်းကင်နှင့် ပင်လယ်အကြား အနားသတ်နေရာတွင်က…. ပုဇွန်ဆီရောင် အသွေးက တောက်ပ၍ တန်းနေသည်။ ကောင်းကင်နှင့် ပင်လယ်က နေညို ညခင်းတွင် ‘သမူဟ’ဖြစ်၍ နေ၏။

ဖြူလွသောသဲသောင်သည် ပင်လယ်အားရစ်ဝိုက်၍ အနားသတ်ထား၏။

ဖြူလွှသော သဲသောင်….။

ပြန့်ပြူးသည့် ပင်လယ်…။

ပုဇွန်ဆီရောင် အသွေးနှင့် ကောင်းကင်….။

သဘာဝသည် အပျိုစင်လေးတစ်ဦးကဲ့သို့…။ လှ၍… ကြည်လင် ရွှန်းလဲ့စွာနှင့်….။

FED/GHRE ၏ ကိုးနှစ်မြောက် မွေးနေ့အခမ်းအနားအား၊၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့… ညနေတွင် တကွန်ပါ ကမ်းခြေ သဲသောင်ပြင်ပေါ်၌ ကျင်းပနေ၏။ FED/GHRE အဖွဲ့ဝင် ရှစ်ဆယ်ကျော်က…. အစုအဖွဲ့ လေးဖွဲ့ခွဲပြီး Game တစ်ခုအား ကစားနေကြသည်။ ပြေး….ပြေး…၊ လွှား….လွှားနှင့် ကစားရသည့် ကစားနည်း….။ ပျော်ရွှင် ကြည်မောစွာနှင့် ကစားနေကြ၏။ ချိုလွင်သော အသံတို့က ဝေေ၀စီစီ….။

အသံများအတွင်းမှ အသံတစ်ခုအား ကြားရ၏။ Game ကစားနေသည့် အသံများအကြားမှ ခွဲထွက်၍ ကြားရသည့်အသံ….။ အသံအတွင်း၌ ကား… မျက်ရည်၊ ပူဆွေး သောကများနှင့်…. ပြည့်ပြည့်သိပ့်သိပ့်….။ လွန်ခဲ့သည့်ငါးနှစ်က အသံ…..။ အသံနှင့်အတူ …. အရိပ်များ…။ အရိပ်များက …. ကောက်ကြောင်း ပေါ်လာ၏။ ရုပ်လုံးကြွလာသည်။ သဲ့သဲ့မျှသော အသံက…. ပီသလာ၏။

“ရေလှိုင်း စတတ်တဲ့အချိန်မှာ ကျမခင်ပွန်းက ဖယ်ငါးဂိုထောင်မှာ ငါးတွေလုပ်နေတယ်။ ကျမက သားလေးကိုပိုက်ပြီး ပြေးရင်းနဲ့ လမ်းမှာ ကျမခင်ပွန်းကို တွေ့တယ်။ ကျမက ရေထဲမှာ ပလပ်စတစ်ပုံးတစ်လုံး မျောလာတာ တွေ့လို့ သားလေးကို အဲဒီပုံးထဲ ထည့်လိုက်တယ်။ သားလေးကို ပုံးထဲထည့်ပြီး လောက်မှာပဲ ရေလှိုင်းက ရိုက်လို့ ကျမနဲ့ ခင်ပွန်းလည်း တကွဲတပြားစီ ဖြစ်သွားတယ်။ သားလေးကို ထည့်လိုက်တဲ့ ပုံးလေးကတော့ ရေနဲ့အတူ ကျမတို့နဲ့ ဟိုအဝေးကြီးကို ပါသွားတယ်။ နောက်တော့ ကျမတို့အားလုံး ရေလှိုင်းနောက် မျောသွားတယ်။ မကြာလိုက်ဘူး၊ ရေထိုး ကျသွားတယ်။ ရေကျသွားတော့ လျှပ်စစ်ကြိုးတွေ သစ်သားတွေနဲ့ ရှုပ်ထွေးပြီး လူသေအလောင်းတွေ အများကြီး ကျန်နေတယ်။ မြင်နေရတဲ့ မြင်ကွင်းကို ကြည့်ပြီး ကျမတော့ အရမ်းကြောက်နေတယ်။ ညနေပိုင်းလောက်မှ ကျမတို့ ကယ်ဆယ်ရေးစခန်းကို ရောက်တယ်။ ကျမက သွေးနု သားနုမို့ ဆေးရုံတက်ရတယ်။ ဆူနာမီဖြစ်ပြီး နောက်ပိုင်း နမ့်ခင်ရွာကို ပြန်ရောက်တော့ ခင်ပွန်းက တစ်ရက်ကို ဘတ် (၂၅၀)နဲ့ ပန်းရန်အလုပ်မှာ ၀င်လုပ်တယ်။ အခုထိ သားလေးကို မတွေ့သေးဘူး။ ဆူနာမီဖြစ်တဲ့ အချိန်က ရေထဲမှာ မျောလာတဲ့ ကလေးဆိုတဲ့သတင်း နည်းနည်း ကြားတယ်ဆိုရင်ပဲ ကျမပြေးသွားပြီး သတင်းမေးကြည့်တယ်။ စိတ်ထဲမှာတော့ ကျမကလေး မသေသေးဘူးလို့ပဲ ထင်နေသေးတယ်။ ကျမကလေးကို ထည့်ထားတဲ့ပုံးက ရေနဲ့ မျောပါသွားပြီး တနေရာရာ၊ တယောက်ယောက်စီကို ရောက်နေမယ်လို့ပဲ ထင်တယ်။ ဆူနာမီမှာ ဆုံးသွားတာ ကျမသားလေးပါ။ သားလေးက အသက် (၉)ရက်သားပဲ ရှိသေးတယ်”

လွန်ခဲ့သည့် ငါးနှစ်က ‘တကွန်ပါ’သည် မျက်ရည်ပြည့်လျံသော မျက်ဝန်းအစုံတို့နှင့်….။ ဘ၀များက ၀ိဥာဉ်ကင်းမဲ့၍ နေသည်။

(ခ)

FED/GHRE အား ၂၀၀၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် စံခရဘူရီ၌ စတင်ဖွဲ့စည်းခဲ့၏။ ဖွဲ့စည်းစဉ်က…. တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်သူ ဟူ၍ (၃)ဦးသာရှိ၏။

၂၀၀၄ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ‘ဆူနာမီထရော်မာ’ အလွန်တွင်မူ….. FED/GHRE အား စံခရဘူရီမှ ထိုင်းနိုင်ငံ တောင်ပိုင်း ‘ဆူနာမီ’ ဒဏ်အား ဆိုးဝါးစွာ ခံခဲ့ရသည့် ဖန်ငခရိုင်၊ တကွန်ပါသို့ ပြောင်းရွှေ့ခဲ့သည်။

“ကျနော်တို့က… ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေ အတွက် ပညာရေး၊ လူ့အခွင့်ရေးနဲ့ လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်နိုင်ရေး အခြေအနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင်နေပါတယ် ။ ကျနော်တို့ စီမံကိန်းက အခု လောလော ဆည်ဆည်မှာတော့… ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံခဲ့ရတဲ့ ဒေသမှာ ရှိနေကြတဲ့ မြန်မာ ပြည်သူများရဲ့ လူမှုဖူ လုံရေးနဲ့ ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်နေပါတယ်။ အဲ့ဒီ…  ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျနော်တို့တွေဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ်”ဟူ၍… FED/GHRE မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကဆိုသည်။

FED/GHRE ၏အဓိက ရည်မှန်းချက်က… ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လုံခြုံစိတ်ချပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရန် ဖြစ်သည်။ ပြီးလျှင်… မဟာဗျူဟာ ရည်မှန်းချက် (၃)ရပ်ကိုလည်း တိတိကျကျ ချမှတ်၍ ဆောင်ရွက်နေ၏။

(၁) ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးများအား ပညာသင်ပေးရန်။

(၂) မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်လာစေရေးနှင့် လုံခြုံ စိတ်ချပြီး ဥပဒေအရ ကာကွယ် စောင့်ရှောက်မှုရှိသည့် ပတ်ဝန်းကျင်တခု ထူထောင်းပေးရန်။

(၃) မြန်မာနှင့် ထိုင်းလူမှု အသိုင်းအ၀ိုင်းအား ချစ်ကြည်ရေး ပေါင်းကူးပေးရန်ဟူ၍… ဖြစ်ပါသည်။

(ဂ)

FED/GHRE ၏ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်အတွင်း လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းများက (၆)ခု ရှိသည်။ ပညာရေး၊ ကလေးများအရေး၊ အမျိုးသမီးများအရေး၊ ရွှေ့ပြောင်း အလုပ်သမားများ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့ ဆက်ဆံရေး စီမံကိန်းတို့ ဖြစ်၏။ စီမံကိန်းများ (၆)ခုအား ဆရာ၊ ဆရာမများ အပါအ၀င် ၀န်ထမ်းအင်အား(၇၀)  ဦးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပညာရေး စီမံကိန်းက… ဖန်ငခရိုင်အတွင်းမှ ပင်လယ်ကမ်းခြေ ဒေသများနှင့် ရာဘာခြံ ဒေသများရှိ မြန်မာ ကလေးများအတွက် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးကိုပင် အဓိက ဦးစားပေး၍ လုပ်ဆောင်နေသည်။ ယခုမူ… ကျောင်း (၈) ကျောင်းအား ဖွင့်လှစ်ထားပြီး ဖြစ်၏။ ကျောင်းသား ကျောင်းသူပေါင်းက (၄၀၀)ကျော်ရှိသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ထိုင်းစာ၊ သင်္ချာ၊ လူမှုရေးနှင့် အထွေထွေ ဗဟုသုတ ဘာသာရပ်များအား သင်ကြား၏။ ဆရာများက… မြန်မာဆရာများ၊ ထိုင်းဆရာများနှင့် နိုင်ငံခြားသား စေတနာ့ ၀န်ထမ်းဆရာများ ဖြစ်သည်။

ကလေးများ စီမံကိန်းက ဆူနာမီကြောင့် မိဘမဲ့ဖြစ်ခဲ့ရသည့် ခလေးငယ်များအား ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ငါးနှစ်အောက် ကလေးများအတွက်… နေ့ကလေး ထိန်းကျောင်း (၂)ကျောင်း ဖွင့်လှစ်ထား၏။ ကလေးငယ်ပေါင်းက (၈၀)မျှ ရှိသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ထိုင်းစာပေနှင့် သင်္ချာဘာသာရပ်များအား သင်ကြားပေးသည်။ ကလေးများအား ကျောင်းမှပင် နံနက်စာနှင့် နေ့လည်စာအား ကျွေး၏။ ပြီးလျှင်… နေ့ခင်းတွင် မုန့်နှင့် အချိုရည် တစ်ခုခုကိုလည်း တိုက်ကျွေး၏။ ကျန်းမာရေး စောင့်ရှောက် ကုသမှုများကိုလည်း အပတ်စဉ်တိုင်း ပြုလုပ်ပေးသည်။

 

အမျိုးသမီး စီမံကိန်းတွင်… ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းနှင့် အမျိုးသမီး အခွင့်အရေး ပညာပေးရေး စီမံကိန်းဟူ၍ (၂) ပိုင်းခွဲ၍ ဆောင်ရွက်၏။ ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းတွင် မိသားစု စီမံကိန်း…၊ HIV/AIDS စသည့်… ကျန်းမာရေး ပညာပေး သင်တန်းများအား ပို့ချ၏။ အမျိုးသမီး အခွင့်အရေး ပညာပေးရေး စီမံကိန်းတွင်မူ… အမျိုးသမီး အခွင့်အရေးနှင့် အိမ်တွင်း အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဆိုင်ရာ သင်တန်းများအား ဖွင့်လှစ်ပို့ချသည်။ ထို့အပြင် အမျိုးသမီးများ အမှီအခို ကင်းစွာ ဘ၀ရပ်တည်နိုင်ရေးအတွက်လည်း အသက်မွေးဝမ်းကြောင်း ပညာရပ်များကို သင်ကြားပေးသည်။

 

ရွှေ့ပြောင်း အလုပ်သမားများ ဖွံ့ဖြိုးရေး စီမံကိန်းတွင်မူ၊ အလုပ်အကိုင် ရှာဖွေ ဖန်တီးပေးမှု အပိုင်းနှင့် ထောက်ပံ့မှုများ ပေးခြင်းဟူ၍ ရှိ၏။ ထောက်ပံ့မှုများ ပေးသည် ဆိုရာတွင် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင်အတွက် လိုအပ်သည့် လုပ်ငန်းခွင်သုံး ကရိယားများ ထောက်ပံ့သကဲ့သို့ သယ်ယူ ပို့ဆောင်ရေး အနေဖြင့်လည်း ထောက်ပံ့ ကူညီသည်။ အရေးပေါ် အကူအညီ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများအား ပေ၏။ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု များတွင်လည်း FED/GHRE က ငွေကြေး၊ အစားအသောက်၊ နေထိုင်ရန်တို့အတွက် ကူညီ စောင့်ရှောက်သည်။ ထို့အပြင် အားကစား ပြိုင်ပွဲများကိုလည်း ကျင်းပပေးသည်။

 

ထိုင်းနိုင်ငံ၊ ဖန်ငပြည်နယ်တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ဒီမိုဂရပ်ဖစ်ဟု ခေါ်သည့်… ဒေသ တခုတွင်နေ ထိုင်သည့် လူဦးရေ၊ အသက်၊ ၀င်ငွေ၊ သုံးစွဲမှု အခြေအနေများအား တိတိကျကျ ရရှိရန်၊ FED/GHRE မှ စုဆောင်း၏။ ထိုထိုသောအချက် အလက်များက ရွှေ့ပြောင်းနေထိုင်သူ မြန်မာများအတွက် အနာဂတ် စီမံကိန်းများတွင် အကျိုးရှိစွာ အသုံးပြုလာနိုင် လိမ့်မည်ဟု FED/GHRE က ယုံကြည်သည်။

FED/GHREအနေဖြင့် သူ၏ လုပ်ငန်း စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်၊ အခြားသော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ ဆောင်ရွက်ခဲ့၏။ အထူးသဖြင့်က… Foundation for Children၊ HREIB (Human Rights Education Institute of Burma)၊ MSF (Medicines Sans Frontiereres - Belgium)၊ TVC (Tsunami Volunteer Center)၊ MAP (Migrant Assistance Program)၊ IOM (International Organization of Migration)၊ TACDB (Thai Action Committee for Democracy in Burma)တို့နှင့် ပူးပေါင်း၍ လက်တွဲ ဆောင်ရွက်ခဲ့သည်လည်း ရှိ၏။

(ဃ)

နေ၀န်းနီက….. လက်လျှော့လိုက်သည့် ဟန်နှင့် ပင်လယ်အတွင်းသို့ စိုက်ဆင်းသွား၏။ အလင်းနှင့် အမှောင် အားပြိုင်မှု့က…. တစ်ဖက်သတ် ဆန်လာ၏။ ကိုးရက်လ၏ အလင်းရောင်သည် မှိန်ဖျော့ဖျော့…။ ကြီးစိုးလာနေသည့် အမှောင် ထုအား အံမတုနိုင်….။

 

ပင်လယ်လေက နွေး၍ နေသည်။ FED/GHRE၏ ကိုးနှစ်မြောက် မွေးနေ့အခမ်းအနားအား သဲသောင်ပြင်မှသည် အဆောင်အတွင်းသို့ ပြောင်း၍ ကျင်းပ၏။ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က… အခန်းအနားတွင် အမှာစကားဆို၏။ “အခုလို အဖွဲ့အစည်းတွင် လက်တွဲ ပါဝင်နေကြတဲ့ ၀န်ထမ်းများနဲ့ ဆရာ၊ ဆရာမများကို ပထမဦးစွာ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အဖွဲ့အစည်းမှာ… လက်ရှိ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အခက်အခဲများအတွက် ၀န်ထမ်းများနှင့် ဆရာ၊ ဆရာမများထံက… အကြံဥာဏ် ကောင်းများကို၊ ရယူနိုင်ခဲ့တဲ့အပြင် အားလုံးမှ နေပြီး ပူးပေါင်း ဆောင်ရွက် ကြတဲ့အတွက်လည်း အထူး ကျေးဇူးတင်ကြောင်း ပြောပါစေ…”

 

FED/GHRE ၏ ဖြတ်သန်းခဲ့ရသည့် ကိုးနှစ်တာခရီးက…. ပင်လယ်နှင့် တူသောခရီး….။ ပင်လယ်က… လှိုင်းလေတို့နှင့် ထန်သည့် အခါတွင် ထန်၏။ ပြီးလျှင်မူ…. ငြိမ့်ငြိမ့် အေးအေး….။ အရှေ့တွင်ကား… စိန်ခေါ်မူ များစွာဖြင့် ပင်လယ်သည် စောင့်ကြို၍ နေမည်ပင်…။ ရွှေ့ပြောင်း အလုပ်သမားများ၏ ကရင်ဒုံးယိမ်း၊ ကျောင်းသား ကျောင်းသူလေးများ၏ ထိုင်းရိုးရာအက၊ မြန်မာရိုးရာ အကများဖြင့်… FED/GHRE ၏ ကိုးနှစ်မြောက်အခမ်းအနားက ယဉ်ကျေးမှုများနှင့် ထုံရီနေသည့် သဘင်…..။

မင်းဆွေသစ်

အညွှန်း….. ဆူနာမီငလျင်အတွင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် မချိုတင်မိုး၏ ပြောကြားချက် (TACDB မှ ထုတ်ဝေသည့် ဆူနာမီ ရေလှိုင်းအလွန် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ခိုကိုးရာမဲ့ ဘ၀အတွေ့ အကြုံများ - စာအုပ်မှ)